သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရခိုင်တွင် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် လူပေါင်း ၁၆၆,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း UNOCHA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 420

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ မေ ၁ / ၂၀၂၄

ရခိုင်တွင် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် လူပေါင်း ၁၆၆,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု ပူးပေါင်းဆောင်ရွက်ရေးရုံး United Nations OCHA Myanmar က မေလ ၁ရက်နေ့တွင် ထုတ်ပြန်သည်။ 

ထို့အပြင် ရခိုင်ပြည်နယ် (အထူးသဖြင့်) မြောက်ပိုင်းဒေသများမှ ဘေးကင်းလုံခြုံရေး အခြေအနေများသည် တင်းမာနေဆဲဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

UN OCHA  က မေလ ၁ ရက်နေ့ ၌  အာရှနှင့်ပစိဖိတ်ဒေသ၏ အပတ်စဉ် လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေများ အကျဉ်းချုပ်ကို ထုတ်ပြန်ရာတွင်  ရခိုင်ပြည် လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီးယခုကဲ့သို့ ထည့်သွင်းထုတ်ပြန်လာခြင်းဖြစ်သည်။ 

“ ရခိုင်ပြည်နယ်က၊ အထူးသဖြင့် မြောက်ပိုင်းဒေသတွေက ဘေးကင်းလုံခြုံရေးအခြေအနေတွေဟာ တင်းမာနေဆဲဖြစ်ပြီး၊ တပ်မတော်နဲ့ အာရက္ခတပ်တော်တို့အကြား ပြီးခဲ့တဲ့နိုဝင်ဘာလက စပြီးဖြစ်ပွားခဲ့တဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် လူ ၁၆၆,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်” ဟု United Nations OCHA Myanmar ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

 ထို့အပြင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံအကြား လက်နက်ကိုင်ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေရာတွင် အထူးသဖြင့် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေဖြစ်ပေါ်ခဲ့ပြီး၊ အရပ်သားကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်စရာများ ဆက်လက်မြင့်တက်နေကြောင်းသိရသည်။

“ ကရင်ပြည်နယ်မှာ ဘေးကင်းလုံခြုံရေးအခြေအနေတွေဟာ ရုပ်ချည်းပြောင်းလဲနေပြီး၊ မြဝတီနဲ့ကော့ကရိတ်မြို့နယ်တွေမှာဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် အရပ်သားရွှေ့ပြောင်းသွားလာမှုတွေ ရှိနေပါတယ်။ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့မြဝတီမြို့ဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ခေတ္တထိန်းချုပ်ရယူထားမှုကနေ ပြီးခဲ့တဲ့သီတင်းပတ်မှာ တပ်မတော်ရဲ့ထိန်းချုပ်ရယူမှုအောက်ကို ပြန်ရောက်ခဲ့ပါတယ်။ မြဝတီမြို့ပေါ်နဲ့ အနီးအနားကျေးရွာတွေက လူ ၄,၀၀၀ လောက်ဟာ တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုတဲ့စိုးရွံ့စိတ်တွေနဲ့ နေရပ်စွန့်ခွာနေကြရဆဲဖြစ်ပါတယ်။ 

ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဧပြီလ ၂၀ နဲ့ ၂၃ ရက်နေ့အကြား အရပ်သားငါးဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက အစီရင်ခံထားပါတယ်” ဟု United Nations OCHA Myanmar ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

ဆက်စပ် သတင်းများ