တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ဘူးသီးတောင်-မောင်တောကားလမ်းပေါ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

“လှိုင်ဂူကြီးအနီးကို စစ်ကောင်စီက ဂျက်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်”  

 နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၂၄ /၂၀၂၄

 

ရခိုင်ပြည်နယ်၊ဘူးသီးတောင်- မောင်တော ကားလမ်းပေါ်၌ အာရက္ခတပ်တော် (AA)နှင့်  အကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြား ဧပြီလ ၂၄ ရက် ယနေ့ မနက်မှစပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီမှ အတွဲလိုက်ဒုံးများဖြင့် ဆက်တိုက် ပစ်ခတ်နေ​သလို ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် ဗုံးကြဲချလျှက်ရှိနေကြောင်း ဒေသခံများထံမှသိရသည်။

 

"ဘူးတောင်-မောင်တောလမ်းမှာ ဒီနေ့မနက်က စပြီး စစ်ကောင်စီနဲ့ အေအေ တို့တိုက်ပွဲ ပြင်ထန်နေကြတာ။ မောင်တောမြို့အဝင် နခခ(၅)က လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်။ ကျီးကန်းပြင်ကလည်း အတွဲလိုက်ဒုံးတွေ ပစ်တယ်။ ဘူးသီးတောင်အမြောက်တပ်ကလည်း အတွဲလိုက် ဒုံးတွေနဲ့ ဆက်တိုက် ပစ်နေကြတယ်။ ဘူးသီတောင် -မောင်တော ကားလမ်းက တောင်ခေါင်းကြီး (လိုင်ဂူကြီး) ဖက်ကို ဂျက်နဲ့ဗုံးလာကြဲတာ ၂ ကြိမ်အထိ ရှိသွားပြီ။ ပစ်ခတ်သံ ပေါက်ကွဲသံတွေက မနက်ကတည်းက ဆူညံစွာကြားနေရတာ"လို့ပြောကြားသည်။

 

အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့အား လေးဘက် လေးတန်က ဝိုင်းပတ်ပိတ်ဆို့ထားပြီး ဘူးသီးတောင်မြို့ပေါ်တွင် တည်ရှိနေသည့် တပ်ရင်းစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။ လက်ရှိ အချိန်ထိ ခမရ (၅၂၂) နှင့်တပ်ရင်းနှင့် (၅၆၄) တပ်ရင်းများကို သိမ်းပိုက်ထားပြီဖြစ်သည်။

 

၎င်းပြင် AA သည် မောင်တော-ဘူးသီးတောင် ကားလမ်းအား ထိန်းချုပ်ထားပြီး  ၄ မိုင်ရှိ နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ (၂) နှင့် စစ်ကောင်စီအခြေချနေရာများအား ဒရုန်းများနှင့် ဗုံးချ တိုက်ခိုက်လျှက်ရှိနေကြောင်း ထိုဒေသတွင် နေထိုင်သူများကပြော ဆိုသည်။

 

"အေအေ ဖက်က ဧပြီ ၂၂ ရက်နေ့ ညဥ့်၉နာရီ နဲ့ ၁၀ နာရီကြားမှာ နခခ (၂)ကို ဒရုန်း ၂ စင်း နဲ့ ဗုံး ၂ လုံးချပြီးတိုက်ခိုက်ခဲ့ကြတယ်။ မနေ့ကလည်း စစ်ကောင်စီစခန်းချတဲ့ နတ်ဆွေတော်ကျောင်းကို ဒရုန်းနဲ့တိုက် ခိုက်ခဲ့တယ်လို့ကြားသိရတယ်" ဟု ပြောဆိုသည်။

 

ဘူးသီးတောင်-မောင်တော ၁၆ မိုင်ကားလမ်းအား ရက္ခိုင်တပ်တော် အေအေ မှ ဧပြီလ ၉ ရက် နေ့မှ စပြီးထိန်းချုပ်ထားလိုက်တာကြောင်း မောင်တောသို့ စစ်ကောင်စီ ရေ ကြောင်းမှ တင်သွင်းလာတဲ့ လက်နက်ရိက္ခာ၊စားနပ်ရိက္ခာ၊စစ်သည်အင်အားများအားဘူးသီးတောင်မြို့ရှိစစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များသို့သယ်ယူမရတော့ဟု သိရသည်။

 

အာရက္ခတပ်တော်သည် မောင်တောမြို့နယ် မြောက်ပိုင်းမှ နယ်ခြားစောင့် စခန်းများကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ပြီး မောင်တောမြို့အနီးထိ ချဉ်းကပ်လာနေပြီဖြစ်ကာ ဘူးသီးတောင်နှင့် မောင်တောအကြား (၁၆) မိုင်သာရှိသည့် လမ်းအားလည်း ထိန်းချုပ်ထားပြီး ဘူးသီးတောင်မြို့အား ဝိုင်းပတ် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

 

အကြမ်းဖက် စစ်ကောင်စီကလည်း ထိုမြို့နှစ်မြို့ မကျရေးအတွက် အပြင်းအထန် ကြည်း၊ရေ၊လေ အသုံးပြုကာ ခုခံကာကွယ်တိုက်ခိုက်နေကြောင်း သိရှိရသည်။ (ဓါတ်ပုံ-ကိုချက်ဖား)

ဆက်စပ် သတင်းများ