တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့တွင် စစ်တပ်နှင့်ကပ်လျက်တောင်ပေါ် ဟင်းရှာသွားသည့်အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီးခြေတစ်ဘက်ပြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ကံ့ကော်နီနီ နိရဉ္စရာ၊ မေ ၆ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် ယနေ့မေလ ၆ ရက်မနက်ပိုင်းက စစ်တပ်နှင့်ကပ်လျက်တောင်ပေါ်သို့ ဟင်းရှာသွားသည့်အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဘက်ပြတ်တောက်သွားကြောင်း သတင်းရရှိသည်။

မိုင်းနင်းမိ၍ ခြေထောက်ပြတ်တောက်သွားသူမှာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်၊ အောင်သပြေလမ်းမှ အသက် (၄၈) နှစ်အရွယ် ဒေါ်ခင်သန်းလှိုင်ဖြစ်သည်။

သူမသည် ယနေ့မနက် ၈ နာရီခွဲခန့်က တောင်ကုတ်မြို့သွေးလှူရှင်များအသင်းရုံးရှေ့တွင်ရှိသည့် စစ်တပ်နှင့်ကပ်လျက်သင်္ချိုင်းတောင်ဟောင်းပေါ်သို့ ၄င်း၏မိသားစုဝင်နှစ်ဦးနှင့်အတူ ကတက်ရိုး (သင်္ဘောညွန့်)ရှာဖွေနေစဥ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

" သွေးလှူရှင်များရှေ့က တောင်မှာကတက်ရိုးရှာဖို့သွားရင်း မိုင်းနင်းမိတယ်။ သူရဲ့မိသားစုနှစ်ယောက်နဲ့ အတူသွားတာ။ ဘယ်ဘက်ခြေထောက်က အရိုးတွေအရည်တွေပါပိုင်းပြတ်ထွက်သွားတယ်" ဟု သူကပြောသည်။

မိုင်းနင်းမိသည့်နေရာမှာ တောင်ကုတ်ကုတင် ၁၀၀ ပြည်သူ့ဆေးရုံကြီးနှင့်လည်းသိပ်မဝေးသလို ၄င်းတောင်၏အရှေ့ဖက်တွင် ခမရ ၅၄၄ တပ်ရင်းရှိသည်။ လက်ရှိတွင် မိုင်းနင်းမိသည့် လူနာအား ကုတင် ၁၀၀ ဆေးရုံကြီးသို့အရေးပေါ်ပို့ဆောင်ထားရကြောင်းသိရသည်။

ရခိုင်တိုက်ပွဲစသည့် ၂၀၂၃ နိုဝင်ဘာလအတွင်းကပင်တောင်ကုတ်မြို့အဝင်အထွက်လမ်းများကို စစ်တပ်က စစ်ဆေးရေးဂိတ်များဖြင့်တင်းကြပ်ပိတ်ဆို့ထားခဲ့ရာ ပြည်သူများမှာ ကုန်းဈေးနှုန်းအဆ မတန်ကြီးမြင့်မှု၊ စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းပြတ်လပ်မှုတို့ကို ကြုံတွေ့နေကြရသည်။

ထိုသို့အကျပ်တည်းများကြောင့် အခြေခံလက်လုပ် လက်စားပြည်သူများမှာ တစ်နေ့တာအသက်ရှင်ရပ်တည်စားသောက်ရေးအတွက် အထူးခက်ခဲလာကြောင်း တောင်ကုတ်မြို့ခံတစ်ဦးကပြောသည်။

" တစ်နေ့လုပ်တစ်နေ့စားပြည်သူတွေက မငတ်ရုံတမယ်ဖြစ်လာတယ်။ တချို့ငတ်တဲ့ သူတွေလည်း ရှိလာနေပြီ။ ဆန်၊ ဟင်းသီးဟင်းရွက်ကအစအကုန်ဈေးအဆမတန်ကြီးလာတယ်။ အခု မိုင်းနင်း မိတာကိုပဲကြည့်။ တစ်နပ်စာစားရဖို့၊အသက်ရှင်ရဖို့အတွက်ရှာကြံရင်းဖြစ်သွားတာ" ဟု နိရဉ္စရာသို့ ပြောသည်။

ဧပြီလအတွင်းစတင်ဖြစ်ပွားလာသည့် သံတွဲ-တောင်ကုတ်ကားလမ်းကြားတိုက်ပွဲများကြောင့် စစ်တပ်ပို၍ တင်းကျပ်ပိတ်ဆို့ထားရာ ပြည်သူများမှာ စားဝတ်နေရေးအခက်အခဲပိုမိုဆိုးရွာလာကြောင်း သိရသည်။

ဆက်စပ် သတင်းများ