တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

တောင်ကုတ်မြို့တွင် လူသတ်တရားခံတစ်ဦးထွက်ပြေးလွတ်မြောက်နေပြီး နောက်ထပ် ဒေသခံ ၂ဦးကို သတ်မည်ဟု ခြိမ်းခြောက်နေ၍ စိုးရိမ်နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

စိုးစံအောင် ၊ နိရဥ္စရာ ၊ ဧပြီ ၂၁ / ၂၀၂၄

စစ်ကောင်စီထိန်းချုပ်ထားသည့် တောင်ကုတ်မြို့ပေါ်တွင် အမျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သော  လူသတ်တရားခံတစ်ဦး လွတ်မြောက်နေပြီး ရပ်ကွက်ထဲမှ တခြားနှစ်ဦးကိုလည်းသတ်မည်ဟု ခြိမ်းခြောက်ထားသဖြင့် စိုးရိမ်နေရသည်ဟု ကာယကံရှင်များက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

 ယင်းသို့ ထွက်ပြေးလွတ်မြောက်နေပြီး လူသတ်ရန် ထပ်မံခြိမ်းခြောက်နေသူမှာ ဂူတာရပ်ကွက်၊ အေးရိပ်ငြိမ် (၄)လမ်းမှ ဦးညီသန့် အသက်(၅၀) ဝန်းကျင်ဖြစ်ကြောင်း သိရသည်။

 

သူသည် တရပ်ကွက်တည်းနေသူ ဦးခင်မောင်ရွှေ အသက်(၃၀) ကျော်ခန့်ကို ဧပြီလ ၁၄ ရက် ၊ ညနေ ၅ နာရီခန့်က ဓားမြောင်ဖြင့် ၄ ချက်ခန့်ထိုးသတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေရာမှ ရပ်ကွက်ထဲမှ တခြားသူနှစ်ဦးကိုလည်း သတ်ဦးမည်ဟုခြိမ်းခြောက်နေကြောင်း ရပ်ကွက်သားတစ်ဦးကပြောသည်။

 

" ဦးညီသန့်က အရက်သေစာသောက်စားပြီး ရပ်ကွက်ထဲအော်ကြီးဟစ်ကျယ် ဆဲနေတော့ ခင်မောင်ရွှေကတားတယ်။ အဲလိုတားရင်းနဲ့ နှစ်ယောက်ရုန်းရင်းဆန်ခတ်ဖြစ်ပြီးထိုးကြိတ်ကြတယ်။ အဲဒါကနေ ဓားတွေတုတ်တွေပါလာပြီး ဦးညီသန့်က ခင်မောင်ရွှေကို ဓားနဲ့လေးချက်ထိုးပြီး သတ်ပစ်ခဲ့တယ်။အခု သူထွက်ပြေးလွတ်မြောက်နေပါတယ်။ ရပ်ကွက်ထဲက နောက်ထပ် နှစ်ယောက်ကိုလည်းသတ်မယ်လို့ခြိမ်းခြောက်နေတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

 

 ဦးညီသန့်ကို ရဲကမဖမ်းဆီးနိုင်ဘဲရှိနေရာ ရပ်ကွက်ထဲက လူများကိုလည်းခြိမ်းခြောက်နေသဖြင့် လမ်းထဲမှလူငယ်များမှာ ညဥ့်မအိပ်ဘဲကင်းစောင့်ပေးနေရကြောင်း သူကဆက်ပြောသည်။

 

" သူထွက်ပြေးသွားတဲ့အခါ သူ့မှလှံရှည်လည်းပါသွားတယ်။ ရပ်ကွက်ထဲကလူတွေကိုလည်း သတ်မယ် ဆိုပြီးထပ် ခြိမ်းခြောက်နေတော့ လူငယ်တွေညဘက်ကင်းစောင့်နေကြရတယ်။ သုံးလေးရက် ရှိပါပြီ။အိပ်ရေးလည်းအတော်ပျက်နေကြပြီ" ဟု ပြောသည်။ ထွက်ပြေးလွတ်မြောက်နေသူ ဦးညီသန့်မှာ ညပိုင်းများတွင် ရပ်ကွက်အတွင်းသို့ ပုန်းလျှိုးကွယ်လျှိုး လာနေပြီး ရပ်ကွက်မှလူငယ်များ ရဲကိုအကြောင်းကြား၍ စုပေါင်းကာ ဖမ်းဆီးရန်ကြိုးစားသော်လည်း ဖမ်းမမိသေးဘဲ လွတ်မြောက်နေဆဲ ဖြစ်ကြောင်းသိရသည်။

 

" သူအခုလိုလွတ်မြောက်နေသေးသ၍တော့ ရပ်ကွက်ထဲကလူတွေအိပ်ကောင်းခြင်းအိပ်ရမှာ မဟုတ်ဘူး။လုံခြုံမှုလည်းမရှိသလိုခံစားနေရတယ်။ ရဲကတော့ကျွန်တော်တို့က ဆက်သွယ် အကြောင်းကြားရင် လာဖမ်းဖို့ကြိုးစားပါတယ်။ ဒါပေမယ့်အခုထိဖမ်းမမိသေးဘူး" ဟု အေးရိပ်ငြိမ် ရပ်ကွက်သားတစ်ဦးကပြောသည်။

 

ရခိုင်တိုက်ပွဲစတင်ကတည်းက စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့မှာ မြို့နေပြည်သူများ၏ လုံခြုံရေးကို လျစ်လျူရှုပြီး စစ်ရေးကိစ္စရပ်များကိုသာအလေးထားဆောင်ရွက်နေ၍ ရာဇဝတ်မှုများကို ဖမ်းဆီးနှိမ်နင်းမှုမရှိသလောက်နည်းပါးလာကြောင်း မြို့ခံပြည်သူများကပြောသည်။

ဆက်စပ် သတင်းများ