စနေ၊ ဇွန်လ ၁၅ရက်၊ ၂၀၂၄

မောင်တောမြို့မှ ရခိုင်လူမျိုးများ မြို့ကိုစွန့်ခွာထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၁၁ ရက်/၂၀၂၄

ရခိုင်ပြည်၊ မောင်တောတွင် မြို့အဝင်အထွက် တံတားများကို စစ်ကောင်စီက ဖောက်ခွဲ ဖျက်ဆီးလိုက်ပြီးနောက် မြို့ကိုပိတ်ဆို့ထားသဖြင့် လုံခြုံရေး စိုးရိမ်ရရာမှ ရခိုင်လူမျိုးများ သောင်းနဲ့ချီပြီး မြို့ကို စွန့်ခွာ ထွက်ပြေးနေကြရကြောင်း မောင်တောဒေသခံများထံမှသိရသည်။

"မောင်တောမြို့ပေါ်က ရခိုင်လူမျိုး မြို့လုံးကျွတ်နီးပါးထွက်ပြေးနေကြတာ။ မြို့ပေါ်မှာ ၂၀ ရာခိုင်နှုန်းတောင် မကျန်တော့ဘူး။ မြို့ပြင်ကိုထွက်တဲ့လမ်းတွေအားလုံး စစ်တပ်က ပိတ်ဆို့ ထားလိုက်တော့ လုံခြုံရေးက စိုးရိမ်စရာဖြစ်သွားတယ်။ ထွက်ပြေးကြတာက နေရာစုံမြို့စုံပါ။ ဆွေမျိုးတွေရှိတဲ့နယ်က ကျေးရွာတွေကို ထွက်ပြေးနေကြတာ” ဟု ပြောကြားသည်။

စစ်ကောင်စီသည်  မောင်တောမြို့နှင့် ဆက်သွယ်ထား သည့် တံတား ၄ စင်အား မိုင်းခွဲ ဖျက်ဆီးလိုက်ပြီးနောက် မေလ ၉ ရက် နံနက်မှ စတင်ပြီး မောင်တောမြို့အား ပိတ်ဆို့ထားကြောင်း သိရသည်။

မောင်တောမြို့ ခံ မွတ်ဆလင်တစ်ဦးက " မောင်တောမြို့က ထွက်ပြေးနေကြတာ မြို့ထဲကရခိုင်တွေပါ။ ကျွန်တော်တို့ မွတ်ဆလင်တွေက ပြေးဖို့နေရာလည်း မရှိဘူး။ ဘင်္ဂလာဖက်ကိုပြေးရင်လည်း အန္တရယ်ရှိတယ်။ မြို့ပေါ်က ဟိန္ဒူတွေလည်း ပြေးတာမတွေ့ရဘူး။ ရခိုင်တွေဘဲ ထွက်ပြေးနေတာ တွေ့ရတယ်။ သူတို့လည်း လုံခြုံရေး စိုးရိမ်လို့ ဖြစ်မှာပေါ့"ဟု ပြောကြားသည်။


မောင်တောမြို့ပေါ်က ထွက်ပြေးရာတွင် ရခိုင်လူမျိုးများသာဖြစ်ပြီး ဟိန္ဒူနှင့် မွတ်ဆလင်များမှာ ထွက်ပြေးခြင်း မရှိသေးကြောင်းဒေသခံများထံမှ သိရသည်။

မောင်တောကမ်းထိုးရေယာဥ် ၃ စီး ဖြင့် ရောက်ရှိလာတဲ့ တပ်မ (၂၂) စစ်သားများနှင့် မောင်တောဒေသမှ စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်များသည် မောင်တောမြို့ပတ်လည်၌ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး မြို့အားပိတ်ဆို့ထားသလို မြို့ကို ပတ်ကာ အင်အားပြ သွားလာမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

မောင်တောမြို့ပေါ်တွင် အုပ်ချုပ်ရေး မရေမရာဖြစ်နေသဖြင့် မောင်တောမြို့တွင်းရှိ ရခိုင်ဒေသခံများမှာ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် ရရာလမ်းကြောင်းများမှထွက်ပြေးနေကြရခြင်းဖြစ်သည်ဟုသိရှိရသည်။

ဆက်စပ် သတင်းများ