တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

မောင်တောမြို့၄ မိုင် နခခ (၂) ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီ ၄ ဦးသေပြီး ၆ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 849

နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၂၆ /၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တောမြို့ (၄) မိုင်အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ (၂) အား အာရက္ခတပ်တော် (AA) မှ ဧပြီလ ၂၅ ရက်နေ့ ၌ ဒရုန်းများသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်  စစ်ကောင်စီဖက် မှ ၄ ဦးသေဆုံးပြီး  ၆ ဦး ဒဏ်ရာရရှိသွားကြောင်း မျက်မြင်ဒေသခံများက တစ်ဆင့် သိရသည်။

 " ညက ဒရုန်း နဲ့ ဗုံး ချတာ  နခခ ၂ ထဲက "ဘားတန်း" လူပျိုဆောင်မှာ ကျရောက်ပေါက်ကွဲပြီး  ၄ ယောက် သေသွားပါတယ် ။ ​၆ ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်"ဟု ဒေသခံတစ်ဦးက ပြောကြား သည်။

 

သေဆုံးသူ ၄ ဦး နှင့် ဒဏ်ရာရသူ ၆ ဦးအား မြို့သူကြီးအခြေစိုက် နခခ (၅) သို့ သယ်ဆောင် သွားကြကြောင်း နခခ (၂)တပ်ရင်းနှင့်နီးစပ်သူများထံမှသိရသည်။

 

မောင်တော ၄ မိုင်အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ(၂)အား ဧပြီ ၂၅ ရက် နေ့လည် ၁နာရီခန့်က လည်း AA မှ ဒရုန်းများဖြင့် ဗုံး ၅ လုံး တစ်ကြိမ် ၃ လုံးတစ်ကြိမ်း ချပြီးတိုက်ခိုက်ခဲ့သလို ညနေ ၃ နာရီကျော်ခန့်တွင်လည်း နောက်ထပ်ဗုံးနှစ်လုံးချပြီးတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြော ဆိုထားသည်။

 

ထိုသိုအာရက္ခတပ်တော်မှ ဒရုန်းများဖြင့် တိုက်ခိုက်လာသည့် အတွက် နခခ(၂)အတွင်း၌ စစ်ကောင်စီတပ် အင်အား အလုံးအရင်းဖြင့် တိုးချထားကြောင်း ဒေသများထံမှ သိရသည်။

 

ဧပြီလ ၇ ရက်မနက် ၉ ရာရီ၌လည်း ၄ မိုင်ရှိ နယ်ခြားစောင့်တပ်ဖွဲ့(ခွဲ)နခခ(၂) အားအာရက္ခတပ်တော်မှ ဒရုန်းဖြင့် ဗုံး ၇ လုံးထိချပြီးတိုက်ခိုက်ခဲ့သလို မြို့သူကြီး နခခ(၅)အားလည်း ဒရုန်းဖြင့် ဗုံး ၂ လုံး ချပြီး တိုက်ခိုက်ခဲ့သော်လည်း အသေအပျောက်မရှိခဲ့​ကြောင်း နယ် ခြားစောင့်စခန်းများ၏ အသိုင်းအဝန်းများထံမှ သိရှိရသည်။

 

ဧပြီလ ၂၄ ရက် မနေ့ကလည်းအာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်- မောင်တော ကားလမ်းပေါ်၌ အာရက္ခတပ်တော် (AA)နှင့် အကြမ်း ဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခဲ့ကြပြီး စစ်ကောင်စီ မှ အတွဲလိုက်ဒုံးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သလို ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် ဗုံးကြဲချခဲ့သည်။

 

ဧပြီလ ၂၅ ရက် မနက် ၉ နာရီခန့်က လည်းစစ်ကောင်စီလက်နက်စစ်သည်များတင် ဆောင်လာသည့် စစ်ကား ၃ စီအား အာရက္ခတပ်တော်မှ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နံနက် ၁၁ နာရီ ၄၅ မိနှစ်၌ ထိုဘူးသီးတောင်- မောင်တော ၆ မိုင်လမ်းအားစစ်ကောင်စီမှဂျက်တိုက်လေယာဥ် ၃ စီးဖြင့်ဗုံး ၆ လုံး လာကြဲသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

ယနေ့ နံနက်ပိုင်းမှစပြီး ဘူးသီးတောင်-မောင်တော လမ်းအား စစ်ကောင်စီ နခခ(၅)မှ အတွဲလိုက် ဒုံးများဖြင့်  ဆက်တိုက် ပစ်ခတ်လျှက်ရှိနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ