သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရခိုင်ပြည်၊မြို့နယ်တချို့တွင် လူနေထိုင်ခြင်းမရှိသည့် စစ်ဘေးရှောင်နေသူများ၏ နေအိမ်များကို ဖြိုဖျက်ပြီး ရောင်းချမှုများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 919

အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ ဧပြီ ၃ဝ/ ၂၀၂၄

ရခိုင်ပြည်၊ မြို့နယ်တချို့တွင် လူနေထိုင်ခြင်းမ‌ရှိသည့် စစ်ဘေးရှောင်နေသူများ၏ နေအိမ်များကိုဖောက်ထွင်းနေသည့်အပြင် အိမ်တစ်ခုလုံးကို ဖျက်ပြီး ရောင်းချမှုများ ရှိနေကြကြောင်း သတင်းရရှိသည်။

တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေကြသည့် စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တောနှင့် မ်းဗြဲ စသည့်မြို့များမှ လူနေအိမ်များတွင် နေထိုင်သူမရှိတော့သဖြင့် ပစ္စည်းများခိုးယူဖောက်ထွင်းခံနေရပြီးနေအိမ်ဖြိုဖျက်ခံနေရခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

 

စစ်တွေမြို့မှ‌ဒေသခံအမျိုးသမီးတစ်ဦးက "ပစ္စည်းတွေယူတာမဟုတ်တော့ဘူး၊ အိမ်တစ်ခုလုံးကို ဖြိုပြီးယူသွားကြတာ။ ဘယ်သူကမှလာတားတာမရှိဘူး"ဟုပြောသည်။


တိုက်ပွဲမဖြစ်ပွားသေးသည့် စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်၍ မြို့ခံအများစုမှာ နေရပ်အိုးအိမ်ကိုစွန့်ခွာကာ ရန်ကုန်အပါအဝင်မြို့နယ်တချို့ကို ထွက်ပြေးနေကြရသည်ဟုဆိုသည်။

 

ထိုသို့ယာယီစစ်ဘေးရှောင်နေကြ၍ နေထိုင်သူမရှိတော့သည့်လူနေအိမ်မျာ အားလုံးနီးပါးကို အိမ်တွင်းအသုံးအဆောင်များဖြစ်သည့် ကုတင်များ၊ စားပွဲခုံများ၊ မှန်တံခါးချပ်များ၊ ခြံတံခါးများနှင့် ခြံစည်းရိုးသံစကာများမှအစ ခိုးယူဖောက်ထွင်းနေသည်ဟု ပစ္စည်းများခိုးယူဖောက်ထွင်းခံလိုက်ရသူတစ်ဦးကပြောသည်။

 

စစ်ဘေး‌ရှောင်တစ်ဦးက"အိမ်အခြေအနေသိချင်လို့ စစ်တွေမှာကျန်နေသေးတဲ့ မိတ်ဆွေတစ်ယောက်ကို ဖုန်းမေးလိုက်တာ။ သော့ခတ်ထားခဲ့တဲ့ အိမ်ကဖောက်ထွင်းခံလိုက်ရတယ် သော့ခတ်ထားခဲ့တဲ့ သော့ခလောက်တွေကိုဖျက်ပြီး အိမ်ထဲက အိမ်တွင်းအသုံးအဆောင်ပစ္စည်းတွေ ဖောက်ထွင်းခံလိုက်ရတယ်ပြောတယ်။

အရေးကြီးတဲ့ပစ္စည်းတွေကို ကိုယ်နဲ့အတူယူလာလို့ ပါမသွားပေမဲ့ အိမ်ကပစ္စည်းတွေခိုးယူဖောက်ထွင်းခံနေရတော့ စိတ်မကောင်းဖြစ်နေရတယ်" ဟု ပြောသည်။

 

စစ်တွေမြို့မှာ စစ်ကောင်စီထိန်းချုပ်မှုအောက်တွင်ရှိနေသည့် မြို့တစ်မြို့ဖြစ်သည်။

 

အလားတူ ဘူးသီးတောင်မြို့တွင်လည်း နယ်မြေဒေသတည်ငြိမ်မှုမရှိသည့် အခြေအနေကြောင့် ယာယီနေရပ်စွန့်ခွာကာ ရှောင်တိမ်းနေကြသူများ၏ ချို့ဈေးဆိုင်များမှ ကုန်ပစ္စည်များ ခိုးယူဖောက်ထွင်းခံနေရသည်ဟု သိရသည်။

 

"ဦးသူစနစ်နဲ့ ခိုးယူခံနေရတာလေ။ လူသူမရှိတော့တဲ့ အိမ်ကြီးတွေတောင် များမကြာခင် တစ်စစီ ဖဲ့ခံရတော့မယ်။ အိမ်အတွင်းပစ္စည်းထားလိုက်တော့။ နောက်ဆို အိမ်တိုင်ကြီး ပျောက်တာတို့၊ အိမ်ခေါင်မိုး ဖြုတ်ခံရတာတို့၊ တံခါးတွေ ဖြုတ်သွားတာတို့၊ ကြမ်းခင်းမရှိတော့တာတို့၊ ခြံကာထားတာတွေပျောက်သွားတာတို့၊ကြားဖူးလာပါလိမ့်မယ်" ဟုဘူးသီးတောင် မြို့ခံတစ်ဦးက လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားထားသည်။

 

ယင်းအပြင် အာရက္ခတပ်တော်(AA) ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ပေါက်တော၊ ရသေ့တောင်နှင့်ရမ်းဗြဲမြို့တို့တွင်လည်း လူမရှိတော့သည့်အိမ်များမှ ပစ္စည်းများနှင့် အိမ်တွင်းအသုံးအဆောင်ပစ္စည်များမှာ နေ့ရောညပါ ခိုးယူဖောက်ထွင်းခံနေရကြောင်းသိရသည်။

 

ပေါက်တောမြို့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက "ပေါက်တောဘက်မှာက လူမနေတဲ့အိမ်က ပစ္စည်းတွေကို ခိုးယူဖောက်ထွင်းတာတွေရှိတယ်။ 

အဲ့ဒါကို AAတပ်တော်က လိုက်လံဖမ်းဆီးတယ်။ အချုပ်ထဲထည့်တန်ရင်အချုပ်ထဲထည့်ထားတယ်။ ကင်းလှည့်သလိုမျိုး စောင့်ကြပ်တာတို့ရှိတယ်" ဟုပြောသည်။

 

လူမရှိတော့သည့်နေအိမ်များမှ ပစ္စည်းများ ခိုးယူဖောက်ထွင်းခံနေရသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူအာဏာပိုင်များက ထိရောက်စွာအရေးယူသင့်သည်ဟု တိုက်ပွဲကြောင့် ယာယီနေရပ်စွန့်ခွာရှောင်တိမ်းနေရသူများက တောင်းဆိုနေကြသည်။

 

ဓာတ်ပုံ - Crd

 

ဆက်စပ် သတင်းများ