Preview

စစ်အုပ်ချုပ်ရေး အမိန့် ပြန်လည်ရုပ်သိမ်းကြောင်းတောင်ကိုးရီးယားသမ္မတကကြေညာ

ဂျွန်နသန် | ဒီဇင်ဘာ ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :369
နိုင်ငံတကာ သတင်း

( သမ္မတရာထူးမှ နုတ်ထွက်ပေးရန် ပြည်သူများကတောင်းဆို၊မနုတ်ထွက်ပါကနိုင်ငံတော်ပုန်ကန်မှု စွဲချက်နှင့် ရင်ဆိုင်ရမည်ဟုအတိုက်အခံများကသတိပေး)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၄/၂၀၂၄ (နိုင်ငံတကာ)

စစ်အုပ်ချုပ်ရေး အမိန့်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း တောင်ကိုးရီးယား သမ္မတက ဒီဇင်ဘာ(၄)ရက်နံနက်အစောပိုင်းက ကြေညာခဲ့သည်။

စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းရန် လွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့မှုအပေါ်အစိုးရအဖွဲ့ ကဒီဇင်ဘာ(၄)ရက် ဗုဒ္ဓဟူးနေ့အစောပိုင်းက သဘောတူညီခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး အမိန့်ကို ပြန်လည်ရုပ်သိမ်းကြောင်း တောင်ကိုးရီးယား သမ္မတကကြေညာခဲ့ခြင်းဖြစ်သည်။

စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းရန်လွှတ်တော်က မဲခွဲအတည်ပြုခဲ့ပြီးနောက်တွင် တောင်ကိုရီးယား သမ္မတ Yoon Suk Yeol သည် လွန်ခဲ့သည့် နာရီပိုင်းအတွင်းက ၄င်းကိုယ်တိုင် ကြေညာခဲ့သည့် အံ့အားသင့်ဖွယ် စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချက်ကို ပြန်လည် ရုတ်သိမ်းကြောင်းဒီဇင်ဘာ(၄)ရက် တွင် ပြောကြားခဲ့သည်။

၄င်းကြေညာခဲ့သည့်စစ်အုပ်ချုပ်ရေးအမိန့် သည် (၆)နာရီခန့်သာ အသက်ဝင်ခဲ့သည်။

blob










မြောက်ကိုရီးယားလိုလားသည့်နိုင်ငံတော်ကိုဆန့်ကျင်နေသည့်အတိုက်အခံ အင်အားစုတွေကို ရှင်းလင်း ချေမှုန်းဖို့ အတွက် နိုင်ငံကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်ကြောင်း တောင်ကိုရီးယားသမ္မတ Yoon က ဒီဇင်ဘာ(၃)ရက်ကကြေညာခဲ့သည်။

သမ္မတ Yoon ၏အံ့အားသင့်ဖွယ်စစ်အုပ်ချုပ်ရေး ကြေညာချက်ကို ဖျက်သိမ်းရန် လွှတ်တော်အမတ် (၁၉၀)က မဲခွဲဆုံးဖြတ် ခဲ့ပြီးစစ်အုပ်ချုပ်ရေး ကြေညာချက်ကိုဖျက်သိမ်းသည့်အမိန့်ထုတ်ပြန်ရန် ကိုလည်းလွှတ်တော်ကတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

တောင်ကိုးရီးယားနိုင်ငံ၏ ဥပဒေအရ လွှတ်တော်က မဲအများစုဖြင့် တောင်းဆိုပါက သမ္မတသည် စစ်အုပ်ချုပ်ရေးအမိန့် ကို ချက်ချင်းရုတ်သိမ်းရမည်ဖြစ်သည်။

စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းရန်လွှတ်တော်က မဲခွဲအတည်ပြုခဲ့ပြီးနောက်တွင် လွှတ်တော် အပြင်ဘက်တွင် ဆန္ဒပြနေ သူများက "ငါတို့အနိုင်ရပြီ "ဟုဟစ် ကြွေးပြီး လက်ခုပ်တီးကာ လွှတ်တော်၏ ဆုံးဖြတ်ချက်အပေါ် ထောက်ခံအားပေးခဲ့ကြသည်။

ဒီဇင်ဘာ(၃)ရက်အင်္ဂါနေ့နှောင်းပိုင်းတွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် သမ္မတရာထူးမှ နုတ်ထွက်ရန် တောင်းဆိုမှုများ ကြီးထွားလာခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူများသည် တောင်ကိုရီးယားလွှတ်တော် အပြင်ဘက်မှာဒီဇင်ဘာ(၄)ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းကလည်း စုဝေးခဲ့ကြပြီးသမ္မတ Yoon နုတ်ထွက်ပေးရန် ဆက်လက်တောင်းဆိုခဲ့ကြသည်။

blob
blob










၂၀၂၂ ခုနှစ်ကတည်းက သမ္မတ ရာထူးဆက်ခံလာသည့် Yoon ကို ရာထူးက နုတ်ထွက်ရန် သို့မဟုတ် ပါကနိုင်ငံတော်ပုန်ကန်မှု စွပ်စွဲပြစ်တင်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အတိုက်အခံ ဒီမိုကရက်တစ်ပါတီကသတိပေးထားသည်။

“စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းမယ်ဆိုရင်တောင် နိုင်ငံတော်ပုန်ကန်မှုစွဲချက်တွေကို ရှောင်လွှဲလို့မရပါဘူး။သမ္မတ ယွန်းသည် တိုင်းပြည်ကို ပုံမှန်အတိုင်း အုပ်ချုပ်နိုင်တော့မည် မဟုတ်ကြောင်း တနိုင်ငံလုံးအား ရှင်းလင်းစွာ ပြသ ခဲ့ပြီးဖြစ်ပါတယ်။သူရာထူးကနေဆင်းသင့်ပါ တယ်” ဟု ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် Park Chan-dae က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်အုပ်ချုပ်ရေးပြန်ရုတ်သိမ်းရန်တောင်ကိုရီးယားလွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်ခဲ့မှုအပေါ် လေးစားပါတယ်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အစောပိုင်းတွင်၊ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်က တောင်ကိုးရီးယားရှိ ဖြစ်ရပ်များကို အမေရိကန်က "စိုးရိမ်မှုကြီးစွာဖြင့် စောင့်ကြည့်နေသည်" ဟု ပြောကြားခဲ့သည်။

တောင်ကိုးရီးယား၏အကြီးမားဆုံးမဟာမိတ်နိုင်ငံတစ်ခုဖြစ်သည့်အမေရိကန်နိုင်ငံသည် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယား၏ရန်မှ ကာကွယ်ပေး ရန် အတွက်. တောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ ခန့် ကို တပ်ချထားသည်။

တောင်ကိုးရီးယားနိုင်ငံအနေနဲ့ ကျည်ဆန် တွေ ကို ရှောင်ရှားနိုင်ခဲ့ပေမယ့် သမ္မတယွန်က တော့ သူ့ကျည်ဆန်နဲ့ သူ့ခြေထောက်ကို ပစ်လိုက်မိသလိုဖြစ်သွားတယ်” ဟု အမေရိကန်ပြည်ထောင်စုရှိ Asia Society Policy Institute ၏ ဒုတိယဥက္ကဋ္ဌ ဒန်နီ ရပ်ဆဲလ်က ပြောကြားခဲ့သည်။

အစိုးရရှေ့နေ အဖြစ်အသက်မွေးဝမ်းကြောင်း ပြုနေသူ Yoon သည် ၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့သည်။

သူသည် အာရှ၏စတုတ္ထအကြီးဆုံးစီးပွားရေး နိုင်ငံ၏ အနာဂတ်ကို ပြန်လည်ပုံဖော်ရန်အတွက် စီးပွားရေးမူဝါဒ ရေးရာအပါအ၀င် ကဏ္ဍ အတော်များများတွင် ၄င်း၏စွမ်းဆောင်ရည်အပေါ်မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ပြီးလူကြိုက်များခြင်းလည်းမရှိခဲ့ပေ။

၎င်း၏ ပြည်သူ့အာဏာပါတီသည် ယခုနှစ် ဧပြီလတွင် ကျင်းပခဲ့သည့်လွှတ်တော်ရွေးကောက်ပွဲတွင် အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီမှအမတ်များသည် လွှတ်တော်၏ သုံးပုံနှစ်ပုံနီးပါးကို သိမ်းပိုက်ထားသည့်အတွက် သမ္မတ Yoon သည် လွှတ်တော်အ စည်းဝေးပွဲများအပေါ် ထိန်းချုပ်ခွင့်ကိုလည်းစွန့်လွှတ်ခဲ့ရသည်။

တောင်ကိုရီးယားတွင် စစ်အုပ်ချုပ်ရေးအမိန့်ကို ၁၉၈၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။၁၉၈၀ ခုနှစ်တွင်အတိုက်အခံများ၊ အလုပ်သမားများနှင့် ကျောင်းသားများ၏ ဆန္ဒပြ များကို ချေမှုန်းရန်အတွက်ချန်ဒူး၀မ်ဦးဆောင်သောစစ်ဘက်အရာရှိတစ်စု၏ တိုက်တွန်းမှုဖြင့် သမ္မတ Choi Kyu-hah သည်စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ကြေညာခဲ့သည်။

၁၉၄၈ခုနှစ် တွင် တောင်ကိုရီးယားသမ္မတနိုင်ငံအဖြစ် စတင်တည်ထောင်ချိန်မှစ၍ စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် ဖြစ်ရပ်ပေါင်း တစ်ဒါဇင်ကျော်ထိရှိခဲ့သည်။ Source/Reuters/CNA/CNN

 

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.