ဂျွန်နသန်၊ ဒီဇင်ဘာ ၃၁/၂၀၂၄ (နိုင်ငံတကာ)
ခရစ္စမတ်နေ့တွင် လူ (၃၈)ဦး သေဆုံးခဲ့ရသည့်လေယာဉ်ပျက်ကျခဲ့ရမှုသည် ရုရှားက ပစ်ချခဲ့မှုကြောင့်ဖြစ်ကြောင်း၊ ရုရှားအနေဖြင့်၀န်ခံရန်နှင့်တောင်းပန်ရန်လိုကြောင်း၊ ရုရှားသည် လေယာဉ်ပျက်ကျရမှုဖြစ်စဥ်ကို ဖုံးကွယ်ဖို့ကြိုးပမ်းလုပ်ဆောင်နေကြောင်းအဇာဘိုင်ဂျန်သမ္မတ က ပြောဆိုလိုက်သည်။
ခရစ္စမတ်နေ့တွင် လူ (၃၈)ဦး သေဆုံးခဲ့ရသည့်လေယာဉ်ပျက်ကျခဲ့ရမှုသည်ရုရှားက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev ကရုရှား ကိုစွပ်စွဲ ပြစ်တင် ပြောဆိုလိုက် သည်။
"ကျွန်တော်တို့ ဒီနေ့ ရှင်းရှင်းလင်းလင်း ပြောရရင်၊လေယာဉ်ကို ရုရှားက ပစ်ချခဲ့တာပါ။ ဒါဟာအ မှန်တရားတစ်ခုပါပဲ ။ ဒါ ကို ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာလို့ ငါတို့ပြောတာမဟုတ်ဘူး၊ ဒါပေမယ့် ဒီအရာက ပြီးသွားခဲ့ပြီ" ” ဟု အဇာဘိုင်ဂျန်သမ္မတက ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
ကနဦးတွင် လေယာဥ်ပျက်ကျရခြင်းသည်ငှက်အုပ်ကို၀င်ရောက်တိုက်မိခဲ့ခြင်းကြောင့်ဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့သော်လည်းယခုအခါလေယာဉ်ကိုယ်ထည်သည် ငှက်အုပ်ကို ထိမှန်ခဲ့သည်ဆိုသည့်အချက်ကို ဖယ်ရှားလိုက်ပြီကြောင်း Aliyev က ဒီဇင်ဘာ(၂၉)ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းတိုက်ခိုက်ရေးဒရုန်းများနှင့် မြူများကြောင့် လေယာဉ်မှာ ရုရှားလေပိုင်နက်အတွင်းမှ ထွက်ခွာသွားခဲ့ရပြီး၊ နောက်ပိုင်းတွင် ငှက်များနှင့် တိုက်မိပြီးနောက် လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ရုရှားဖက်ဒရယ်လေကြောင်း ပို့ဆောင်ရေးအေဂျင်စီမှ ပထမဦးစွာ ပြောကြားခဲ့သည်။
ရုရှားဖက်က ဒီကိစ္စကို ဖုံးကွယ်လိုကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းသည် ဝမ်းနည်းစရာကောင်းပြီး အံ့သြစရာကောင်းသည့် လုပ်ရပ်ဖြစ်ကြောင်း Aliyev က ပြောဆိုသည်။
လေယာဉ်၏ကိုယ်ထည်အတွင်း ဖောက်ထွင်းခံရသော အပေါက်အပြဲများ သို့မဟုတ် အပျက်အစီးများကြောင့် လေယာဉ်ကို ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်အရာရှိတစ်ဦးအပါအ၀င် လူအများက CNN သို့ ပြောကြားခဲ့သည်။
လေယာဥ်ပျက်ကျရသည့်အ ကြောင်းရင်းကို နိုင်ငံတကာလေကြောင်း ကော်မတီက စုံစမ်းစစ်ဆေးရန် ရုရှားက အကြံပြုထားသော်လည်း အဆိုပါ အဖွဲ့အစည်းတွင် ရုရှားအရာရှိအများစုပါဝင်ပြီး ရုရှားနိုင်ငံသားများက ဦးဆောင်နေသည့်အတွက် အဇာဘိုင်ဂျန်သမ္မတကရုရှား၏ အကြံပြုချက်ကိုလက်မခံဘဲငြင်းဆန်ခဲ့သည်။
ဒီဇင်ဘာ ၂၅ ရက်၊ ခရစ်စမတ်နေ့တွင် အဇာဘိုင်ဂျန်မြို့တော် ဘာကူမြို့မှ ရုရှားနိုင်ငံ Grozny မြို့သို့ ပျံသန်းသည့် အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှလေယာဉ်တစ်စီးသည် ကာဇက်စတန်အနောက်ပိုင်းမြို့ Aktau မြို့အနီးတွင် ပျက်ကျခဲ့ပြီးလေယာဉ်ပေါ်တွင် စုစုပေါင်း ခရီးသည် ၆၂ ဦး၊ လေယာဉ်အမှုထမ်း ၅ ဦး၊ စုစု ပေါင်း (၆၇) လိုက်ပါခဲ့ရာ ယင်းတို့အနက် ၃၈ ဦးသေဆုံးခဲ့ရသည်။
ပြင်ပရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုကြောင့် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်ဟု အဇာဘိုင်ဂျန်လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။
သမ္မတ ဗလာဒီမာပူတင်က "ရုရှားလေပိုင်နက်မှာဖြစ်ပွားခဲ့ရတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်အတွက် တောင်းပန်ကြောင်း Aliyev နှင့် ဒီဇင်ဘာ(၂၈)ရက်ကဖုန်းခေါ်ဆိုမှုအတွင်းပြောဆိုခဲ့သော်လည်း လေယာဥ်ပျက်ကျရမှုတွင် ရုရှား၌ အပြစ်ရှိကြောင်း ဝန်ခံပြောဆိုသွားခဲ့ခြင်းမရှိပေ။
"မတော်တဆမှုအပြီးမှာ ရုရှားအနေနဲ့တရားမျှတပြီး ကျိုးကြောင်းဆီလျော်တဲ့ခြေလှမ်းများကို ကျွန်တော် တို့ မြင်တွေ့ခဲ့ရမယ်ဆိုရင် ကျွန်တော်တို့က ကန့်ကွက်မှာမဟုတ်ပါဘူး။ဒါပေမယ့်ရုရှားက ဒီအမှုကို ဖုံးကွယ်ဖို့ကြိုးပမ်းလုပ်ဆောင် မှုတွေဟာ အတော်လေး သိသာထင်ရှားပါတယ်” ဟု Aliyev က ပြောကြားခဲ့သည်။
ပူတင်နှင့် Aliyev တို့သည် ဒီဇင်ဘာ(၂၉) တနင်္ဂနွေနေ့တွင် ထပ်မံဖုန်းဆက်သွယ် ပြောဆိုခဲ့ကြရုရှားနိုင်ငံပိုင်မီဒီယာ TASS ကဖော်ပြခဲ့သော်လည်း ၄င်းတို့ဆွေးနွေးကြသည့်အကြောင်းရင်းများ နှင့်အချက်အလက်များကို ဖော်ပြထားခြင်းမရှိပေ။
ပျက်ကျခဲ့သည့် လေယာဉ်မှာ ဘရာဇီးလ်နိုင်ငံလုပ် Embraer 190 အမျိုးအစားဖြစ်ကြောင်း၊နိုင်ငံတကာ ကျွမ်းကျင်သူများနှင့်အတူအဇာဘိုင်ဂျန်နိုင်ငံမှ ကျွမ်းကျင်သူများ ပူးပေါင်းကာလေယာဉ်ပျံသန်းမှု မှတ်တမ်းစက်များကိုကာဇက်စတန်အာဏာပိုင်များက ဘရာဇီးနိုင်ငံသို့ ပေးပို့မည်သွားဖြစ်ကြောင်း ကာဇက်စတန်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ Source/CNN