Preview

တောင်ကိုရီးယားသမ္မတကို ဖမ်းဆီးရန်တရားရုံးက ၀ရမ်းထုတ်

ဂျွန်နသန် | ဒီဇင်ဘာ ၃၁/ ၂၀၂၄ | ကြည့်ရှုသူ :544
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၃၁/ ၂၀၂၄

တောင်ကိုရီးယားသမ္မတကို ဖမ်းဆီးရန် တရားရုံးက ဒီဇင်ဘာ(၃၁)ရက် တွင် ဖမ်းဝရမ်းထုတ်ပြန် ခဲ့ကြောင်း The Korea Times က သတင်းဖော်ပြသည်။

ဒီဇင်ဘာ (၃)ရက်တွင်စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်ခံရပြီး၊ ရာထူးမှရပ်ဆိုင်းခြင်းခံထားရသည့် သမ္မတ Yoon Suk Yeol အား အာဏာအလွဲသုံးစားလုပ်မှုဖြင့် ဆိုးလ်မြို့အနောက်ပိုင်းခရိုင်တရားရုံးက ဖမ်းဝရမ်းကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်းအကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးရုံး(CIO) မှ အဆင့်မြင့်အရာရှိများ ၏ အဆိုအရသိရသည်။

ယခုကဲ့သို့ သမ္မတ အား တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်လိုက်ခြင်းသည် တောင်ကိုရီးယားနိုင်ငံသမိုင်းတွင်နိုင်ငံအတွင်းရှိနေသည့် သမ္မတတစ်ဦးကို ဖမ်းဆီးဖို့ ပထမဆုံး ဖမ်းဝရမ်းထုတ်ပြန်ခြင်းအဖြစ်မှတ်တမ်း၀င်ခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီ သည် တရားရုံးကထုတ်ပေးလိုက်သည့် ဖမ်းဝရမ်းကို ၂၀၂၅ ခုနှစ်၊ ဇန်န၀ါရီလ (၆ )ရက်နေ့ နောက်ဆုံးထားပြီး အကောင် အထည်ဖော်ရန်အတွက် နည်းလမ်းများကို ရဲတပ်ဖွဲ့နှင့်ဆွေးနွေးညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း CIO မှ စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက သတင်းထောက်များအားပြောကြားခဲ့သည်။

သမ္မတယွန်ကို CIO ရုံး သို့မဟုတ် ၎င်း၏တည်နေရာအနီးရှိ ရဲစခန်းတွင် စစ်ဆေးမေးမြန်းမည်ဖြစ်ပြီး၊ စစ်ဆေးမေးမြန်းပြီးနောက်၊ သမ္မတကို ဆိုးလ် ရှိ ထိန်းသိမ်းရေးစင်တာတွင် ထိန်းသိမ်းထားနိုင်သော်လည်းယခုအချိန်တွင် မည်ကဲ့သို့ဆောင်ရွက်သွားမည်ဆိုသည်ကိုမူ မဆုံးဖြတ်ရသေးကြောင်း CIO ရုံးမှ အရာရှိတစ်ဦးကပြောဆိုသည်။

အဆိုပါ တရားရုံကထုတ်ပြန်ပေးခဲ့သည့် ဖမ်းဝရမ်းဖြင့် စုံစမ်းစစ်ဆေးသူများသည် သမ္မတယွန်းအားစစ်ဆေးမေးမြန်းရန်အတွက် ၄၈ နာရီကြာ ဖမ်းဆီးထိန်းသိမ်းထားနိုင်ကြောင်းသိရ သည်။သမ္မတယွန်း သည် နိုင်ငံတော်သစ္စာဖောက်မှုကျူးလွန်ခဲ့ပြီး အာဏာအလွဲသုံးစားပြုလုပ်ခဲ့သည်ဟူသောစွပ်စွဲချက်များနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းရန်အတွက်ဆင့်ခေါ်စာသုံးစောင်စလုံးကို သမ္မတ ယွန်း မှ လျစ်လျူရှုခဲ့ပြီးနောက်တွင် CIO မှဖမ်းဝရမ်းထုတ်ပေးရန် တရားရုံးထံတွင် တောင်းခံခဲ့ခြင်းဖြစ်သည်။

ထို့အပြင်တရားရုံးသည် စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ ဆိုးလ်မြို့၊ ယွန်ဆန်း ခရိုင်ရှိ သမ္မတ၏နေအိမ်ကို လည်း ရှာဖွေမှုများပြုလုပ်ရန် အတွက်ကိုလည်းဝရမ်းထုတ်ပေးခဲ့သည်။

သို့သော်လည်း သမ္မတယွန်း ၏ရှေ့နေဖြစ်သူ Yoon Gap- geun က တရားရုံး၏ ဆုံးဖြတ်ချက်ကို လက်မခံဘဲပယ်ချခဲ့ပြီး၊ စုံစမ်းစစ်ဆေးရေးအတွက် အာဏာမရှိ သည့် အဖွဲ့အစည်းတစ်ခု (CIO ကိုဆိုလိုသည် )က တောင်းဆိုထားသည့် ဝရမ်းကို တရားရုံးက ခွင့်ပြုပေး လိုက်ခြင်းသည် တုန်လှုပ်စရာအလွန်ကောင်းကြောင်း၊ယခုလို၀ရမ်းထုတ် ပေးလိုက်သည့်အပေါ် လုံးဝလက်ခံနိုင်စရာ အကြောင်း မရှိ ကြောင်း ပြောဆိုခဲ့သည်။

CIO သည် ဆူပူ အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီးစုံစမ်းစစ်ဆေးရန် အတွက် ဥပဒေမရှိကြောင်း ၎င်း၏ရှေ့နေများက စောဒကတက်ခဲ့ပြီး ဥပဒေအရ ရဲများကသာ စုံစမ်းစစ်ဆေးနိုင်သည်ဟု တရားရုံးထံ ခုခံချေပထားသည်။

သို့သော် CIO က ချေပပြောဆိုရာတွင် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုအတွင်း အာဏာအလွဲသုံးစားလုပ်မှု စွပ်စွဲချက်များနှင့် တိုက်ရိုက်ဆက်စပ်သည့် ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် ဥပဒေက ခွင့်ပြုထားသည်ဟု ဆိုသည်။

(CIO)ကို ရဲတပ်ဖွဲ့၊ စစ်တပ် နှင့် အဆင့်မြင့် တာဝန်ရှိသူများ ဆိုင်ရာ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးရုံး(CIOHO) တို့ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။

သို့ရာတွင် စုံစမ်းစစ်ဆေးသူများသည် သမ္မတကို ဖမ်းဆီးနိုင်မည်လားဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်သည်

ယခင်က စုံစမ်းစစ်ဆေးသူများ ကသမ္မတအား စုံစမ်း မေးမြန်းရန် ကြိုးပမ်းခဲ့မှုများတွင်၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ကိုးကား၍ သမ္မတ၏ရုံးခန်းနှင့် နေအိမ်အတွင်းသို့ ဝင်ရောက်ခြင်းမပြု ဟု သမ္မတ၏ လုံခြုံရေးအဖွဲ့က တားမြစ်ခဲ့သည်။

တရားရုံးက ဖမ်းဝရမ်းကို အတည်ပြုပြီးနောက် မကြာမီတွင် သမ္မတ၏ လုံခြုံရေးအေဂျင်စီက ၎င်းတို့ ၏လုပ်ငန်းစဉ်များနှင့်အညီ သမ္မတကို အကာအကွယ်ပေးသည့် တာဝန် ၀တ္တရား ကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ အာဏာရ People Power ပါတီ၏ ယာယီခေါင်းဆောင် ကိုယ်စားလှယ် ကွမ်ယောင်ဆီက သမ္မတကို ဖမ်းဆီးရန် ကြိုးပမ်းမှုသည် မသင့်လျော်ကြောင်းနှင့်အလွန်ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်ပြီး သမ္မတ အပေါ် အယုံအကြည်မရှိ အဆိုကို လွှတ်တော်ကဒီဇင်ဘာ (၁၄)တွင်အတည်ပြုခဲ့ပြီးနောက် သမ္မတယွန်း ၏တာဝန်များကို ချက်ချင်းရပ်ဆိုင်းခဲ့ ပြီးဝန်ကြီးချုပ် Han Duck-soo သည် ယာယီသမ္မတအဖြစ် တာဝန်ယူလျက်ရှိသည် ။

ယခုအခါ လွှတ်တော်က အတည်ပြုခဲ့ သည့်အဆိုကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံး ကသမ္မတကိုရာထူးဖယ်ရှားရန် သို့မဟုတ် မူလအတိုင်းပြန်ထားရန်ကို ရက်ပေါင်း ၁၈၀ အတွင်း ဆုံးဖြတ်မည်ဖြစ်သည်။ယခုအခါတရားရုံး၏ ဖမ်း၀ရမ်းခွင့်ပြုချက် ဖြင့် စုံစမ်းစစ်ဆေးသူများသည်သမ္မတအား ဖမ်းဆီးစစ်ဆေးသွားမည်ဖြစ်သည်။ Source/The Korea Times and Photo/ABC

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.