ဂျွန်နသန်၊ ဖေဖော်ဝါရီ ၂၃/၂၀၂၅
အမေရိကန်၏ စစ်ဘက်ဆိုင်ရာအမြင့်ဆုံးရာထူးဖြစ်သည့် အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ၊ အပါအ၀င် ထိပ်တန်းဗိုလ်ချုပ်ကြီးများကိုသမ္မတ ထရမ့်က ထုတ်ပယ်လိုက်ကြောင်းနယူးယောက်တိုမ်းစ်ကဖော်ပြချက်အရသိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နိုင်ငံ၏ အမြင့်ဆုံးစစ်ဘက်ဆိုင်ရာ ရာထူးဖြစ်သည့်အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ချားလ်စ် ကျူ ဘရောင်းနှင့် ထိပ်တန်းဗိုလ်ချုပ်ကြီး(၅)ဦးကို ထုတ်ပယ်လိုက်ကြောင်းဖေဖော်ဝါရီ(၂၁)ရက် တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
"ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်း (၄၀) ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Charles 'CQ' Brown ကို ကျေးဇူးတင် ပါရစေ " ဟု ထရမ့် က ဆိုရှယ်မီဒီယာတွင် ဖေဖော်ဝါရီ(၂၁)ရက်က ရေးသားခဲ့သည်။
ဗိုလ်ချုပ်ကြီး Charles Q. Brown Jr. ကို ရာထူးမှ ထုတ်ပယ်လိုက်ခြင်းသည် အမေရိကန်စစ်တပ်၏ ခေါင်းဆောင်များသည် မတူကွဲပြားမှုဆိုင်ရာ ကိစ္စရပ်များတွင်သာ နစ်မွန်းနေပြီး ၊ နိုင်ငံကို ကာကွယ်ရန် တိုက်ပွဲဝင်အင်အားစုတစ်ခု၏ တာဝန်ကို မေ့လျော့နေကြကြောင်း၊ "အမေရိကန်ကို ပထမ ဦးစားပေး" လှုပ်ရှားမှုနှင့် လည်းလျော်ညီမှုမရှိကြောင်း၊ယခုထုတ်ပယ်မှုသည် ထရမ့် ၏ သဘောထားကို ထင်ဟပ်စေကြောင်းဆိုသည်။
ဗိုလ်ချုပ်ကြီးဘရောင်းသည် အမေရိကန်စစ်တပ် တွင် မတူကွဲပြားမှု၊ သာတူညီမျှမှုကိစ္စရပ်များကိုသာ အာရုံစိုက်ထားပြီး၊ စစ်ရေးကိစ္စရပ်အပေါ်အာရုံစိုက်မှုမရှိခြင်း ကြောင့် ၄င်း အား ရာထူးမှ ထုတ်ပယ်သင့်ကြောင်းအမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က လည်း ယခင်ကထုတ်ဖော် ပြောကြားခဲ့သေးသည်။
ဗိုလ်ချုပ်ကြီးဘရောင်းသည်အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက်သမ္မတနှင့် ကာကွယ်ရေးဝန်ကြီးတို့ နှစ်ဦးစလုံး၏ အကြံပေးအဖြစ်လည်း ဆောင်ရွက်ရသူဖြစ်သည်။
CQ ဟုလူသိများသည့် ဗိုလ်ချုပ်ကြီးဘရောင်း သည်ကောလင်းပါဝဲလ် နောက်ပိုင်း နှစ် ပေါင်း (၂၀) ကြာပြီးနောက်၊ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဒုတိယမြောက် အာဖရိကန်-အမေရိကန်လူမည်းအရာရှိကြီးတစ်ဦးလည်း ဖြစ်သည်။
သမ္မတ ဂျိုးဘိုင်ဒင်သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ အတွင်းကဘရောင်းကို အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဘရောင်းသည် တိုက်လေယာဉ်မှူးဟောင်းတစ်ဦးဖြစ်ပြီးပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံနှင့် တင်းမာမှု မြင့်တက်နေချိန်အတွင်း အမိန့်ပေး ကွပ်ကဲနိုင်ခဲ့သည့် အတွေ့အကြုံရှိသူဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်သည်။
၄င်းအပြင် အခြားထိပ်တန်းအရာရှိကြီး ငါးဦးကိုလည်း အစားထိုးခန့်အပ်သွားမည်ဖြစ်ကြောင်း လည်း ထရမ့် က ပြောကြားခဲ့သည်။
ထရမ့်သည် ပထမဆုံး အမျိုးသမီးရေတပ်ဦးစီးချုပ်ဖြစ်သူ Lisa Franchetti ၏ နေရာကိုလည်း အစားထိုးသွားမည်ဖြစ်ပြီး၊ လေတပ် ဒုတိယ စစ်ဦးစီးချုပ်၊ ကြည်းတပ်၊ ရေတပ် နှင့် လေတပ် တရားရေးအရာရှိချုပ်များကိုလည်းအစားထိုးခန့်အပ် သွားမည်ဖြစ် ကြောင်း ပင်တာဂွန်ကပြောကြားခဲ့သည်။
ထရမ့်သည် ယင်းကဲ့သို့ထိပ်တန်းအကြီးအကဲများအားထုတ်ပယ်လိုက်ခြင်းသည်စစ်ဘက်ဆိုင်ရာတွင် အကြီးစား ပြုပြင်ပြောင်းလဲမှု၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုဆိုသည်။
ဖေဖော်ဝါရီ (၂၁)ရက် နှောင်းပိုင်းတွင် ရေတပ်စစ်ဆင်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Lisa Franchetti နှင့် လေတပ်၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Jim Slife တို့ အားရာထူးမှထုတ်ပယ်လိုက်ကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က ကြေညာခဲ့သည်။
ဗိုလ်ချုပ်ကြီး Lisa Franchetti သည် အမေရိကန်ရေတပ်ကို ဦးဆောင် သည့် ပထမဆုံးအမျိုးသမီးလည်းဖြစ်သည်။
"သမ္မတ ထရမ့် လက်ထက်မှာ၊ စစ်ပွဲတွေကို တားဆီးဟန့်တားဖို့၊ စစ်တိုက်ဖို့နဲ့ စစ်ပွဲမှာ အောင်မြင်မှုရ ရှိ ဖို့ အတွက် အာရုံစူးစိုက်မယ့် ခေါင်းဆောင် အသစ်တွေကို ကျွန်တော်တို့ နေရာချထားပေး နေ ပါတယ်" ဟု Hegseth ကပြောကြားခဲ့သည်။
Source/The New York Times/Reauters and Photo- Wion