နိရဉ္စရာ၊ မေ ၃/ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၄ခုနှစ် ၊ သြဂုတ် (၅)ရက်ကစပြီး သတင်းသမား (၂၆၆)ဦးသည်ရာဇ၀တ်မှုပြစ်မှုများနှင့်တရားရင်ဆိုင်နေရကြောင်း The Daily Star က မေလ(၃)ရက်တွင်ကျရောက်သည့် နိုင်ငံတကာသတင်းလွတ်လပ်ခွင့်နေတွင်ထုတ်ဖော်ရေးသားခဲ့သည်။
ရာဇဝတ်ပြစ်မှုများဖြင့် တရားစွဲဆိုခံရသည့်သတင်းသမားများတွင်မြို့တော် ဒါကာတွင် (၈၈)ဦးဖြင့်အများဆုံးဖြစ်ပြီး Sylhet တွင် (၃၉)ဦးဖြင့်ဒုတိယ၊ Chattogram တွင် (၃၉)ဦးဖြင့်တတိယ နေရာတွင်ရှိနေသည်။
Savar၊ Narayanganj၊ Kushtia၊ Brahmanbaria နှင့် Bogura ခရိုင်ခရိုင်များတွင် သတင်းသမား (၁၀)ဦးမှ (၂၀)ဦးအထိ တရားစွဲခံထားရသည်ကို တွေ့ရှိခဲ့ရသည်ဟု The Daily Star ကဖော်ပြသည်။
ထို့အပြင် Cox's Bazar, Khulna, Lakshmipur, Barguna, Narail, Patuakhali, Thakurgaon, Barishal, Munshiganj, Bagerhat, Jashore, Pirojpur နှင့် Netrakona ခရိုင် တို့ရှိသတင်းသမားများသည်လည်းလူသတ်မှု စွဲချက် သို့မဟုတ်၂၀၂၄ ခုနှစ်၊ဇူလိုင်လ နှင့်ဩဂုတ်လများအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ် သက်သည့် ပြီးအမှုဖွင့်ခံထားရသည်။
ထိပ်တန်းသတင်းစာကြီးများနှင့် ရုပ်မြင်သံကြားဌာနများ မှသည်ဒေသဆိုင်ရာ ထုတ်ဝေမှုများအထိ မီဒီယာအဖွဲ့အစည်း (၅၀) နီးပါးသည် အဆိုပါအမှုကိစ္စများ ကြောင့် ထိခိုက်နစ်နာ ခဲ့ရသည်။
သတင်းထောက်များသည် ထိုစဥ်ကအာဏာရပါတီဖြစ်သည့် အာဝါမီလိဂ် (AL) နှင့် ထင်ရှားသော နိုင်ငံရေးဆက်စပ်မှုများ ရှိမရှိကိုလည်း The Daily Star က စုံစမ်းခဲ့ပြီး ၎င်းတို့သည်(သတင်းသမားများ) သတင်းစာပညာထက်အခြားအကြောင်းရင်းများဖြင့် ပစ်မှတ်ထားခြင်းခံရနိုင်ကြောင်း (ရာဇ၀တ်ပြစ်မှုများဖြင့်တရားစွဲဆိုခံရနိုင်ကြောင်း)အကြံပြု ဖော်ပြခဲ့သည်။
ဝန်ကြီးချုပ်ဟောင်းဖြစ်သူရှိတ်ဟာဆီနာသည် ဇူလိုင် ၂၆ ရက်ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင်သတင်းထောက်အချို့သည် ကျောင်းသားလှုပ်ရှားမှုကို ပြင်းထန်စွာ ဖိနှိပ်ဖို့ သူမအား အားပေးတိုက်တွန်းခဲ့ကြကြောင်း ၄င်းတို့သည် သတင်းသမားများမဟုတ်ကြဘဲ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအဖြစ်ပြု လုပ်နေကြသည်မှာ ထင်ရှားပါကြောင်း မီဒီယာ ပြုပြင်ပြောင်းလဲရေး ကော်မရှင်ကို ဦးဆောင်နေသည့် သတင်းသမားတစ်ဦးဖြစ်သူ Kamal Ahmed က ပြောဆိုသည်။
တိကျသောသတင်းအချက်အလက်များရရှိရန် The Daily Star သည် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) မှ ထုတ်ပြန်သည့်ကိန်းဂဏန်းအချက်အလက်များနှင့် ပြည်တွင်း သတင်းထောက်များ ကွန်ရက်မှ အချက်အလက်များကိုရှာဖွေ ပြုစုခဲ့ကြောင်း၊ ယမန်နှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့် ဆက်စပ်သည့် အမှုအခင်းများတွင် အနည်းဆုံး သတင်းထောက် (၂၆၆) ဦးထက်မနည်း ပါဝင်ပတ်သက်ခဲ့ကြောင်း Daily Star သတင်းစာက ထုတ်ဖော် တွေ့ရှိခဲ့ရသည်။
တရားစွဲဆိုခြင်းခံရသည့် သတင်းသမားစုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းခန့် (၅၀ ဦး ခန့်) သာ သိသာထင်ရှားသော နိုင်ငံရေးအရောင်အသွေး၊ သို့မဟုတ် အာဝါမီလိဂ် (AL) အစိုးရထံမှ အကျိုးကျေးဇူးများရရှိခဲ့သူများ ဖြစ်သည်ဟုDaily Star သတင်းစာကဆိုသည်။
၂၀၂၄ခုနှစ် ဩဂုတ်လ တွင် ယာယီအစိုးရတက်လာပြီးနောက် သတင်းသမားများအတွက် မျှော်လင့်ချက်များရှိခဲ့သော်လည်း လက်ရှိအချိန်အထိ သတင်းထောက်များ၏ ဘေးကင်းလုံခြုံရေးသည် အာမခံချက်မရှိသေးကြောင်း The Daily Star ကဖော်ပြသည်။
“ဒီအမှုတွေရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို ဖော်ထုတ်ဖို့ ပတွက် သီးခြားလွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။ ရဲတပ်ဖွဲ့က သတင်းသမားတွေကို အခုလို(ရာဇဝတ်မှုများဖြင့်အမှုဖွင့်ခြင်း)လုပ်လို့ မရပါဘူး။ သေချာတာကတော့ သူတို့ဟာ(သတင်းသမားများ) အမှန်တကယ် တရားစွဲခံရတဲ့ ပြစ်မှုတွေနဲ့ ဆက်စပ်မှု မရှိပါဘူး” ဟု ပြုပြင်ပြောင်းလဲရေးကော်မရှင် အကြီးအကဲဟောင်းဖြစ်သူ Kamal Ahmed က ဆိုသည်။
အမှုများကို တိတ်တဆိတ် စွဲချက်တင်ပြီး လူသတ်မှု စွဲချက်အားလုံးသည်လည်း မှားယွင်းကြောင်း ၊လူသတ်ရန် လှုံ့ဆော်မှုများနှင့်ပတ်သက်ပြီး သတင်းသမားများ ကို တရားစွဲဆိုနိုင်သည့် သီးခြားဥပဒေမျိုး ဘင်္ဂလားဒေ့ရှ်တွင် မရှိ ၎င်းက ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်။
သတင်း မီဒီယာများအပေါ် အကြမ်းဖက်မှုများသည် စိုးရိမ်ဖွယ်ရာ မြင့်တက်လာနေ ကြောင်း RSF South Asia Desk ၏ အကြီးအကဲ Célia Mercier ကဖေဖော်ဝါရီ (၁၄)ရက် ကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကြားဖြတ်အစိုးရတက်လာပြီးနောက်တွင် တိုးတက်မှုများအတွက် မျှော်လင့်ချက်များ တိုးလာသော်လည်း ဂျာနယ်လစ်များ၏ ဘေးကင်းရေးလုံးခြုံရေး ကို အကာအကွယ် မပေးနိုင်သေးကြောင်းသတင်းရယူနေစဉ် စော်ကားခံရခြင်း၊ ၎င်းတို့၏ သတင်းဆောင်းပါးများအတွက် ကိုယ်ထိလက်ရောက် လက်တုံ့ပြန် ခံရပြီး ၎င်းတို့၏ သတင်းရုံးခန်းများကိုလည်း ဆန္ဒပြသူများ၏ စီးနင်းတိုက်ခိုက်ခြင်းကိုလည်း ခံနေရသည်။
"RSF က ဒီတိုက်ခိုက်မှုတွေအတွက် တာဝန်ရှိတဲ့သူတွေအားလုံးကို တရားစွဲဖို့၊ ဒီလိုသည်းမခံနိုင်တဲ့ အကြမ်းဖက်မှုသံသရာကို အဆုံးသတ်ဖို့နဲ့ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေကြ သူတွေရဲ့ဘေးကင်း လုံခြုံရေးကို သေချာစေဖို့အတွက် အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်"ဟု Célia Mercier က ပြောဆိုခဲ့သည်။
တရားစွဲဆိုခြင်းခံရသည့်သတင်းသမားများ၏(၁၈)ရာခိုင်နှုန်းသာ အစိုးရ သို့မဟုတ် နိုင်ငံရေးနှင့် ဆက်နွယ်မှုရှိပြီး၊ ကျန် အများစုမှာ လက်စားချေလိုသည့် အတွက် တရားစွဲခံရခြင်းဖြစ်ကြောင်း၊ အဆိုပါအမှုများသည် သတင်းသမားများ၏ လွတ်လပ်စွာရေးသား၊ဖော်ပြ ခွင့်ကို ခြိမ်းခြောက်နေပြီး၊ သတင်းမီဒီယာ များဘေးကင်း လုံခြုံရေးနှင့် တရားမျှတမှုအတွက် စိုးရိမ်ဖွယ်အခြေအနေဖြစ်နေကြောင်းCélia Mercier က ထပ်လောင်း ပြောဆိုခဲ့သည်။ Source/The Daily Star