နိရဉ္စရာ၊ မေ ၁၃/ ၂၀၂၅
စည်းကြပ်ခွန်များကို ယာယီဆိုင်းငံ့ထားမည့် သဘောတူညီချက်များပါ၀င်သည့်အမေရိကန်-တရုတ် စီးပွားရေးနှင့်ကုန်သွယ်ရေးအစည်းအဝေးပူးတွဲကြေညာချက်(ဂျီနီဗာ)ကို အိမ်ဖြူတော်ကမေ(၁၂)ကထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါထုတ်ပြန်ကြေညာတွင်အမေရိကန်ပြည်ထောင်စု အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ (၂) ရက်က ထုတ်ပြန်ခဲ့သောအမိန့်ကြေညာချက် အမှတ်(၁၄၂၅၇)တွင် ပြဋ္ဌာန်းထားသည့် တရုတ်ထုတ်ကုန် (ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသနှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသမှထုတ်ကုန်များအပါအဝင်) အပေါ် တိုးမြှင့်ကောက်ခံသော စည်းကြပ်ခွန်(၂၄)ရာခိုင်နှုန်းကို ကနဦးကာလရက် ပေါင်း (၉၀) အတွင်း ဖော်ဆောင်ခြင်းကိုယာယီဆိုင်းငံ့ထားမည်ဖြစ်သည်။
သို့သော် ယခင်သတ်မှတ်ထားသည့်စည်းကြပ်ခွန် (၁၀)ရာခိုင်နှုန်းကို ဆက်လက်ကောက်ခံသွားမည်ဖြစ်သည်။
ထို့အပြင် ၂၀၂၅ ခုနှစ် ဧပြီ( ၈ )ရက်နှင့် (၉)ရက်တို့တွင် ထုတ်ပြန်ခဲ့သောအမိန့်ကြော်ငြာစာအမှတ် (၁၄၂၅၉ )နှင့် (၁၄၂၆၆ ) အရထုတ်ကုန်များအပေါ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းကိုပယ်ဖျက်ကြောင်းဖော်ပြထားသည်။
တရုတ်နိုင်ငံအနေဖြင့် အကောက်ခွန်ကော်မတီ၏ ၂၀၂၅ ခုနှစ် ၊ ကြေညာချက်အမှတ်(၄)တွင် ပြဋ္ဌာန်းထားသော အမေရိကန်ထုတ်ကုန်များအပေါ် သတ်မှတ်ထားသော (၂၄)ရာခိုင်နှုန်းစည်းကြပ်ခွန်ကို ကနဦးကာလရက် (၉၀) အတွင်းဖော်ဆောင်ခြင်းကိုယာယီဆိုင်းငံ့ထားမည်ဖြစ်သည်။
သို့သော်လည်းယခင်သတ်မှတ်ထားသည့်(၁၀)ရာခိုင်နှုန်းအခွန်ကို ဆက်လက်ကောက်ခံမည်။ထို့အတူ အကောက်ခွန် ကော်မတီ၏ ၂၀၂၅ ခုနှစ် ကြေညာချက် အမှတ် ၅ နှင့် ၆ တို့အရထုတ်ကုန်များအပေါ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းကို ပယ်ဖျက်ကြောင်းဖော်ပြထားသည်။
နှစ်နိုင်ငံစလုံးသည်အဆိုပါသဘောတူညီချက်များကို၂၀၂၅ ခုနှစ် မေ (၁၄)ရက်မတိုင်မီ စတင်အကောင်အထည်ဖော်ဆောင်ရန် ကတိပြုခဲ့ကြသည်။
အထက်ပါ အပြန်အလှန်လုပ်ဆောင်မှုများအပြီးတွင် နှစ်နိုင်ငံသည်ယန္တရားတစ်ခုထူထောင်ပြီးစီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံရေးဆိုင်ရာ ဆွေးနွေးမှုများကိုဆက်လက်လုပ်ဆောင်သွားကြမည်ဖြစ်သည်။
ဆွေးနွေးမှုများကို တရုတ်ကိုယ်စားလှယ်ဘက်မှ တရုတ်နိုင်ငံ၊ဒုတိယဝန်ကြီးချုပ် He Lifeng နှင့် အမေရိကန်ကိုယ်စားလှယ်ဘက်မှ ဘဏ္ဍာရေးဝန်ကြီး Scott Bessent နှင့် ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer တို့ကဦးဆောင်မည်ဖြစ်ပြီးဆွေးနွေးပွဲများကို တရုတ်၊ အမေရိကန်နှင့်နှစ်နိုင်ငံသဘောတူညီပါက တတိယနိုင်ငံတစ်ခုတွင်လည်းပြုလုပ်နိုင်သည်ဟုဖော်ပြထားသည်။ Source/The White House