နိရဉ္စရာ- မေ ၂၁/၂၀၂၅
ရုရှားလိုလားသည့် ယူကရိန်း သမ္မတဟောင်း ၏ အကြီးတန်းလက်ထောက်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သူ ယူကရိန်းနိုင်ငံရေးသမားဟောင်း သည် စပိန်မြို့တော် မက်ဒရစ်မြို့တွင် ပစ်သတ်ခံခဲ့ရကြောင်းCNN က သတင်းဖော်ပြသည်။
ရုရှားကို လိုလားထောက်ခံသည့်ယူကရိန်း သမ္မတဟောင်း Viktor Yanukovych ၏ အကြီးတန်းလက်ထောက်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သူ ယူကရိန်းနိုင်ငံရေးသမားဟောင်း၊ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သူ Andriy Portnov သည် စပိန်မြို့တော် မက်ဒရစ်မြို့၊ အနီးရှိစာသင်ကျောင်းတစ်ခု အပြင်ဘက်တွင် မေလ(၂၁)ရက်နံနက်ပိုင်းက ပစ်သတ်ခံခဲ့ရကြောင်းစပိန်အမျိုးသားရဲတပ်ဖွဲ့ က CNN ကို အတည်ပြုပြောကြားခဲ့သည်။
အသက် (၅၁) နှစ်အရွယ် ရှိ Portnov သည် ဒေသစံတော်ချိန် နံနက် (၉:၁၅) အချိန် ခန့်တွင် ၄င်း၏ အနက်ရောင်မာစီဒီး ကားအတွင်းသို့ဝင်ရောက် နေစဉ်အတွင်း သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရဲသတင်းရင်းမြစ် က ပြောကြားခဲ့သည်။
ပစ်ခတ်မှုသည်မက်ဒရစ်မြို့အနောက်ပိုင်း ရှိ ချမ်းသာကြွယ်ဝသည့် ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သည့် Pozuelo de Alaracon ရှိ American School of Madrid ကျောင်း အပြင်ဘက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊သေနတ်သမားသည် Portnov ၏ နောက်ကျောနှင့် ဦးခေါင်း ကို သေနတ်ဖြင့်အချက်ပေါင်းများစွာ ပစ်သတ်ခဲ့ပြီး နောက်၊ပန်းခြံအနီးရှိတောအုပ်အတွင်းသို့ထွက်ပြေးသွားခဲ့ကြောင်းသတင်းရင်းမြစ်က ဆက်လက်ပြောဆိုခဲ့သည်။
သေဆုံးသူသည် အဆိုပါ ကျောင်းတွင်တက်ရောက်နေသည့် ကျောင်းသားတစ်ဦး၏ဖခင်ဖြစ်သည်ဟု ယူဆရကြောင်း ကျောင်းနှင့် နီးစပ်သူတစ်ဦးက CNN ကိုအတည်ပြု ပြောကြားခဲ့သည်။
အဆိုပါကျောင်းတွင်အမေရိကန်၊ စပိန်အပါအ၀င် နိုင်ငံပေါင်းများစွာမှကျောင်းသားပေါင်း (၁၀၀၀) ကျော်တက်ရောက်လျက်ရှိကြောင်းသိရသည်။ထွက်ပြေးသွားခဲ့သည့် သေနတ်သမား၏ အခြေအနေနှင့် သက်ဆိုင်ရာ က စုံးစမ်းမှုနောက်ဆုံးရ သတင်း ကို CNN က ဖော်ပြထားခြင်းမရှိပေ။
ယူကရိန်းနိုင်ငံရေးသမားဟောင်း၊ လွှတ်တော်အမတ်ဟောင်းတစ်ဦး ဖြစ်သူ Portnov သည်၂၀၁၀ ခုနှစ်တွင် ရုရှားကို လိုလားထောက်ခံသည့်ယူကရိန်း သမ္မတဟောင်းဖြစ်သူ Viktor Yanukovych ၏ အစိုးရအဖွဲ့၊ လက်ထောက်အကြီးအကဲအဖြစ်ခန့်အပ်ခံခဲ့ရသည်။ယင်းအပြင် ယူကရိန်း၏ တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့်တရားစီရင်ရေးစနစ် အဓိကညွှန်ကြားရေးမှူးရုံး ၏ အကြီးအကဲအဖြစ်လည်း ခန့်အပ်ခြင်းခံခဲ့ရပြီး၊ယူကရိန်းအမျိုးသားဘဏ်၏ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်လာခဲ့သည်။
ယူကရိန်း သမ္မတဟောင်းဖြစ်သူ Viktor Yanukovych သည် ရုရှားနှင့် ရင်းနှီးစွာဆက်ဆံရေးပိုမိုကိုလိုလား သည့်အတွက် ဥရောပသမဂ္ဂကိုကျောခိုင်းခဲ့ပြီးနောက်၊ ၂၀၁၄ ခုနှစ်တွင်လူထုအုံကြွမှု၊ ဆန္ဒပြမှုများနိုင်ငံတစ်၀န်းတွင် ဖြစ်ပွားခဲ့သည်။ဆန္ဒပြမှုများကြောင့် Yanukovych သည် Portnov အပါအ၀င် အခြားအဆင့်မြင့်အရာရှိဟောင်းများနှင့်အတူ ရုရှားနိုင်ငံသို့ထွက်ပြေးသွားခဲ့ရသည်။
Portnov သည် ၂၀၁၉ ခုနှစ်တွင်ယူကရိန်းသို့ပြန်လည်ရောက်ရှိ လာခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင်ရုရှားက ယူကရိန်းကို ကျူးကျော်မှု စတင်ခဲ့ပြီးနောက် လအတန်ကြာတွင် ယူကရိန်းမှ ထွက်ပြေးသွားခဲ့သည်။
Portnov သည်အကျင့်ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများအတွက် ၂၀၂၁ ခုနှစ်တွင် အမေရိကန်မှ ဒဏ်ခတ်ပိတ်ဆို့မှုခံခဲ့ရသူလည်းဖြစ်သည်။ယူကရိန်းလုံခြုံရေးဌာနသည် ရုရှား၏ ခရိုင်းမီးယားကို သိမ်းပိုက်ရာတွင် Portnov ၏ ပါဝင်ပတ်သက်မှု ဖြစ်နိုင်ချေကိုစုံစမ်းစစ်ဆေးခဲ့သော်လည်း နောက်ပိုင်းတွင် ၄င်း၏အမှုကိုပိတ်သိမ်းခဲ့သည်။ Source/CNN