Preview

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ ဌာနေတိုင်းရင်းသားများကိုအာသံပြည်နယ် အစိုးရကလက်နက်လိုင်စင်များထုတ်ပေးမည်

ဂျွန်နသန် | မေ ၃၁/ ၂၀၂၅ | ကြည့်ရှုသူ :1553
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ မေ ၃၁/ ၂၀၂၅

အာသံပြည်နယ်အစိုးရသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မွတ်ဆလင် အများစုနေထိုင်သည့်ဒေသများရှိဌာနေတိုင်းရင်းသားများကိုလက်နက်လိုင်စင်များထုတ်ပေးသွားမည်ဖြစ်ကြောင်း Time of India ကဖော်ပြသည်။

မူဆလင်အများစုနှင့် အိမ်နီးချင်းနိုင်ငံ (ဘင်္ဂလားဒေ့ရှ်) တို့၏ရန်လိုမှုများမှမှ ကာကွယ်ရန်အတွက်အိန္ဒိယနိုင်ငံသား မူလနေထိုင်သူများနှင့် ဌာနေတိုင်းရင်းသားများကိုလက်နက်လိုင်စင်ထုတ်ပေးမည့်အထူးအစီအစဉ်ကိုအာသံပြည်နယ်အစိုးရ မေ(၂၈)ရက်တွင်အတည်ပြုခဲ့သည်။

အဆိုပါဒေသများတွင်နေထိုင်ကြသည့် ဌာနေတိုင်းရင်းသားများသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သို့မဟုတ်၄င်းတို့နေထိုင်ရာရပ်ကွက်ကျေးရွာအတွင်းကနေရန်လိုတိုက်ခိုက်မှုများ၏သားကောင်များဖြစ်လာနိုင်ကြောင်းအာသံပြည်နယ်ဝန်ကြီးချုပ် Himanta Biswa Sarma က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသားမူလနေထိုင်သူများနှင့် ဌာနေတိုင်းရင်းသားများဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့်ထိစပ်နေသည့်လုံခြုံမှုကင်းမဲ့ပြီး၊ဝေးလံခေါင်သီသည့်မူဆလင်အများစုနေထိုင်ရာဒေသများတွင်နေထိုင်လျက်ရှိကြသည်။

အာသံပြည်နယ်ရှိ တိုင်းရင်းသားများဖြစ်ကြသည့် 'ဂျာတီ'၊ 'မတီအာရူဘီတီ' (အမည်၊မြေယာနှင့် ဇာတိမြေ ) တို့ ကို အကာအကွယ်ပေး ရန်အတွက် Bharatiya Janata Party ( BJP) ၏ ကတိကဝတ်နှင့်အညီအဆိုပါလက်နက်လိုင်စင်ထုတ်ပေးမည့်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

"သူတိုဟာ ပြည်နယ်ရဲ့ လုံခြုံမှု အားနည်းပြီး ဝေးလံခေါင်သီတဲ့ဒေသတွေမှာနေထိုင်ကြတဲ့မူလနေထိုင်သူတွေ ၊ဌာနေတိုင်းရင်းသားအသိုင်းအဝိုင်းနဲ့ သက်ဆိုင်တဲ့သူတွေစတဲ့သတ်မှတ်ထားတဲ့အရည်အချင်းပြည့်မီသူတွေကို အစိုးရအနေနဲ့ လိုင်စင်ထုတ်ပေးပေးသွားမှာပါ” ဟု၎င်းက ဆက်လက်ပြောကြားသည်။

၄င်းအစီအစဥ်သည်မူလနေထိုင်သူများနှင့် ဌာနေတိုင်းရင်းသားများအပေါ်ဥပဒေမဲ့ခြိမ်းခြောက်လာမှုများမှ ကာကွယ်တားဆီးပေးမည်ဖြစ်ပြီး၊လူပုဂ္ဂိုလ်များနှင့် လူမှုအသိုင်းအဝိုင်းများ၏ကိုယ်ရေးကိုယ်တာလုံခြုံမှုနှင့် ယုံကြည်မှုတို့ကိုလည်းမြှင့်တင်ပေးလိမ့်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့၏မှတ်တမ်းတွင်ဖော်ပြထားသည်ကိုတွေ့ရသည်။

အဆိုပါလက်နက်လိုင်စင်ထုတ်ပေးမည့်အစီအစဥ်သည် အရေးကြီးပြီး အကဲဆတ်သည့်ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါကြောင်း၊ Dhubri၊ Nagaon၊ Morigaon၊ Barpeta၊ South Salmara နှင့် Mankachar ၊ (ဘင်္ဂလားဒေ့ရှ်နွယ်ဖွား မူဆလင်အများစုနေထိုင်ကြသည့်) Goalpara ကဲ့သို့သောခရိုင်များ တွင် ဌာနေ တိုင်းရင်းသားလူမျိုးများသည် လူနည်းစုများဖြစ်ကြပြီးမလုံခြုံမှုကို အမြဲရင်ဆိုင်နေကြရကြောင်းအထူးသဖြင့် ဘင်္ဂလားဒေ့ရှ်တွင် မကြာသေးမီကဖြစ်ပွားခဲ့သည့်ဖြစ်ရပ်များကြောင့် မလုံခြုံမှုကို စဥ်ဆက်မပြတ်ရင်ဆိုင်နေကြရကြောင်းအာသံပြည်နယ်ဝန်ကြီးချုပ် Sarmaကဆက်လက်ပြောကြားခဲ့သည်။

လက်နက်လိုင်စင်ထုတ်ပေးရေးကို၁၉၈၅ ခုနှစ်ကတည်းက တောင်းဆိုလာခဲ့ကြသော်လည်း မည်သည့်အစိုးရမျှထိုဆုံးဖြတ်ချက်ကို ချမှတ်ရန် မစွန့်စား၀ံ့ကြဘဲ တွန့်ဆုတ်နေခဲ့ကြ ကြောင်း၊အကယ်၍ ထိုအချိန်ကာလကတည်းကထိုဆုံးဖြတ်ချက်မျိုးကိုချမှတ်နိုင်ခဲ့မည်ဆိုပါကဌာနေ တိုင်းရင်းသားလူမျိုးများသည်၎င်းတို့၏မြေယာများကို ရောင်းချပြီးထို ဒေသများကနေစွန့်ခွာ သွားကြမည်မဟုတ်ပါကြောင်း Sarmaကဖြည့်စွက်ပြောကြားခဲ့သည်။

တရားမဝင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ပြည်နယ်ကနေ ၄င်းတို့၏ နေရပ်ကိုပြန်ပို့ရေး လုပ်ဆောင်နေမှုများကြောင့်လက်ရှိအချိန်တွင် ဌာ နေတိုင်းရင်းသားများ၏ စိုးရိမ်ပူပန်မှုများပိုမိုမြင့်တက်လာနေကြောင်း၊အစိုးရသည် ဌာနေတိုင်းရင်းသားလူမျိုးများအား ကာကွယ်စောင့်ရှောက်ပေးနေပြီးလက်နက်လိုင်စင်က ၎င်းတို့ကို နောက်ထပ် အကာအကွယ်တစ်ခုပေးမည်ဖြစ်ကြောင်းယင်းအစီအစဉ်သည် ၂၄ နာရီအတွင်း ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက်ချက်ချင်းအသက်၀င်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ Source/Time of India

#စစ်ရေး#နိုင်ငံရေး#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.