နိရဉ္စရာ၊ ဇူလိုင် ၁၁/ ၂၀၂၂
ကေအဲန်ယူ-သထုံခရိုင်တွင် ဖြစ်ပွားခဲ့သော(၆)လအတွင်း တိုက်ပွဲပေါင်း(၂၀၉)ကြိမ်၊ စကစတပ်သားကျဆုံး ၄၄၅ ဦး၊ KNLA/KNDO ကကျဆုံး ရ ဦးရှိကြောင်း KNU ဗဟိုက ဇူလိုင်၉ရက်နေ့က သတင်းထုတ်ပြန်သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊သထုံခရိုင်၊ အမှတ်(၁)တပ်မဟာ အုပ်ချုပ်နယ်မြေထဲ၌ ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလမှ ဇွန်လအထိ (၆)လအတွင်းတိုက်ပွဲသတင်းများကို KNLA တပ်မဟာဌာနချုပ်ရုံးမှ စာရင်းပြုစုထားကြောင်း၊ ဇန်နဝါရီလမှ ဇွန်လအတွင်း နယ်မြေကျူးလွန်စစ်ရေးလှုပ်ရှားလာသော အာဏာသိမ်းစစ်ကောင်စီ တပ်များနှင့် ကေအဲန်ယူ-သထုံခရိုင်၊အမှတ် (၁) တပ်မဟာ လက်အောက်ခံတပ်များအကြား ထိတွေ့ပစ်ခတ်မှု တိုက်ပွဲပေါင်း(၂၀၉)ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ (၆)လအတွင်းနှစ်ဖက်ပစ်ခတ်မှုများ၌ အာဏာသိမ်းစစ်ကောင်စီဖက်မှ (၄၄၅)ဦးသေဆုံးကာ(၃၂၂)ဦးထိခိုက်ဒဏ်ရာ၇ခဲ့ကြောင်း ဖော်ပြထားသည်။
၎င်းပြင် KNU ဆီသို့ လက်နက်ချအလင်းဝင်လာသူ(၃)ဦးရှိသည်။
တိုက်ပွဲဖြစ်ပွားသည့် (၆) လအတွင်း KNLA/KNDO နှင့် ပူးပေါင်းတပ်က (၇)ဦး ကျဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာ၇ရှိသူ ၆ ဦးရှိကြောင်း ဖော်ပြသည်။
ယခုနှစ် ၂၀၂၂ ခုနှစ်၊ နှစ်ဝက်တာကာလအတွင်း KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ အသီးသီး၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ နှစ်ထောင်ကျော် သေဆုံးသွားခဲ့ကြောင်း ယမန်နေ့ ဇူလိုင်လ ၆ရက်နေ့က ထုတ်ပြန်သည့် KNU ၏ နှစ်ဝက်ကာလ တိုက်ပွဲအနှစ်ချုပ်ထုတ်ပြန်ချက်အရ သိ၇သည်။
ဇန်နဝါရီလမှစ၍ ပြီးခဲ့သည့် ဇွန်လအထိ KNU ထိန်းချုပ်နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO နှင့် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်(BGF) တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲပေါင်း (၂,၆၈၆) ကြိမ်တွင် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများကာ စုစုပေါင်း (၂,၂၀၈) ဦး သေဆုံးသွားကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။