နိရဉ္စရာ၊ မတ် ၂၉/၂၀၂၃
အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA-EAO) ၇ ဖွဲ့ တို့ ယမန်နေ့က နေပြည်တော်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ရာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အဖွဲ့ကွဲ ဥက္ကဋ္ဌ စောမြရာဇာလင်း တက်ရောက်နေကြောင်း သတင်းရရှိသည်။
မတ်လ ၂၈ ရက်တွင် NSPNC ၏ ဗဟိုဌာနရှိရာ နေပြည်တော်၌ တွေ့ဆုံခြင်းဖြစ်ပြီး NCA– S – EAO (၇) ဖွဲ့ အနေဖြင့် သက်ဆိုင်သူ အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှု အခင်းအကျင်း တစ်ရပ် ပေါ်ပေါက်ရေးကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်း၊ ၎င်းအစည်းအဝေးကို ယနေ့ မတ် ၂၉ ရက်နေ့တွင် ဆက်လက် ကျင်းပနေကြောင်း NCA – S – EAO (၇) က ထုတ်ပြန်ထားသည့်စာတွင် ဖော်ပြထားသည်။
NCA – S – EAO (၇) ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစဝ်စိုင်းငင်း (RCSS/SSA) ဒုတိယ အဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် စောမြရာဇာလင်း (ALP) နှင့် နိုင်အောင်မငေး (NMSP) ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး စောကျော်သန်းဌေး (DKBA)၊ ဗိုလ်မှူးကြီး စောကျော်ညွှန့်(KNU/KNLAPC)၊ကျာဖူး (LDU) ဗိုလ်မှူးခွန်သိန်းမင်းသိန်း၊ (PNLO) နှင့် အထောက်အကူပြု ကိုယ်စားလှယ် (၅) ဦး၊ စုစုပေါင်း(၁၂) ဦးဖြင့် တက်ရောက်ဆွေးနွေးနေကြောင်း သိ၇သည်။
ထို့အပြင် ငြိမ်းချမ်းရေး အဆင့်ဆင့် နှင့် ဖက်ဒရယ် အခြေခံမူများစသည့် အကြောင်းအရာအများကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်းလည်း ဖော်ပြသည်။
အဆိုပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် စစ်ကောင်စီ လက်အောက်ခံ NSPNC ဘက်မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့က တက်ရောက်ခဲ့ကြောင်း လည်း သိ၇သည်။
လက်ရှိတွင် စစ်ကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ဖော်ဆောင်ရန်အတွက်ဟုဆိုကာ တနိုင်လုံး အပစ်ရပ်စဲရေး (၁) နှစ်ကြောညာထေားသော်လည်း မြေပြင် စစ်ပွဲများက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ပုံစာ- သျှမ်းသံတော်ဆင့်