စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အိန္ဒိယနိုင်ငံသား၃ဦး တောအုပ်တစ်နေရာတွင်သေဆုံးလျက်တွေ့ရှိခဲ့ပြီးနောက်မီဇိုရမ်ပြည်နယ်တောင်ပိုင်း နယ်စပ်ဂိတ်များကိုရက်အကန့်သတ်မရှိပိတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

  မြန်မာဘက်နှင့် ပစ္စည်းလွဲပြောင်း တင်ပို့သူများကို ပြင်းထန်စွာ အရေးယူမည်ဟုဆို

 

နိရ ဉ္စရာ၊ မတ်လ ၃၀/ ၂၀၂၃

 

မတ်လ (၂၂) ရက်နေ့က ချင်းပြည်နယ် နှင့် မိဇိုရမ် ပြည်နယ် နယ်စပ် တောအုပ်တစ်နေရာတွင် အိန္ဒိယနိုင်ငံသား (၃) ဦးကို  သတ်ဖြတ်ခံထားရသည့် ပုံစံဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ပြီးနောက်

ချင်းပြည်နယ် - အိန္ဒိယ နယ်စပ်ဂိတ်အားလုံး ရက်အကန့်သတ်မရှိ ပိတ်ထားပြီး မြန်မာဘက်နှင့် ပစ္စည်းလွဲပြောင်း တင်ပို့သူများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု မီဇိုရမ်ပြည်နယ် တောင်ပိုင်း Lawngtlai ခရိုင်အတွင်းရှိ လိုင်း လူငယ်အသင်း Young Lai Association Bualpui (NG) Sub – Headquarters က မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

 

၎င်းလူသုံးဦးသည် မတ်လ (၁၉) ရက်နေ့က မြန်မာဘက်ခြမ်း သို့ ထွက်ခွာသွားခဲ့ပြီးနောက် မတ် ၂၂ ရက်နေ့တွင် သေဆုံးလျက်တွေ့ရှိခဲ့သည်ဟု သိရသည်။

 

ထုတ်ပြန်ကြေညာထားရာတွင်  “Archhuaung, Tialdawngilung နှင့် Vawmbuk လမ်းကြောင်းတွေကနေ မည်သူကိုမျှ နယ်စပ် ဖြတ်ကျော်သွားလာခွင့် မပြု၊ မြန်မာဘက်နဲ့လည်း မည်သည့် ပစ္စည်းကိုမှ လွဲပြောင်းရယူမှုမပြုလုပ် ရန်နှင့် လိုက်နာခြင်းမရှိပါက ပြင်းထန်စွာ အရေးယူမယ်ဟု ပါရှိကြောင်း တွေ့ရှိရသည်။

 

ချင်းပြည်နယ်မှ မိဇိုရမ်ပြည်နယ် Siaha မြို့ကို ဝင်ရောက်ရန် အဓိကလမ်းကြောင်း တစ်ခုဖြစ်သည့် Niawtlang ဝင်ပေါက်ကိုလည်း (ဒေသအခေါ်) ဒေသတွင်း အင်းအားကြီးအရပ်ဖက်အဖွဲ့အစည်းများ ပိတ်ပင်ထားလိုက်ကြောင်း သိရှိရသည်။

 

ဟိုကိစ္စဖြစ်ပြီးကတည်းက ပြောရမယ်။ အရမ်းကြီးတင်းကြပ်တာမျိုးတွေတော့ မတွေ့ရသေးပါဘူး။ သွားလာခွင့်လေး ကန့်သတ်တာတော့ သတိထားမိပါတယ်။ သူတို့နယ်မြေထဲ လာနေခွင့်ရတာကိုက ကျေးဇူးပါဟု Siaha ရောက် မြန်မာ တစ်ဦး က ပြောသည်။

 

ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သည့် ဝင်ပေါက်များသည် မြန်မာနိုင်ငံ ချင်းပြည်နယ်ဘက်မှ စစ်ရှောင် များ အဓိက အားထားရသည့် လမ်းကြောင်းများဖြစ်ကြောင်းကိုလည်း ၎င်းက ပြောသည်။

 

သေဆုံးသွားခဲ့သည့် အိန္ဒိယနိုင်ငံသား (၃) ဦးမှာ  Siaha မြို့တွင် နေထိုင်သူ ၂ ဦးဖြစ်ကြသည့်  Pi Biaksuii Pu Bablu နှင့် နောက်တစ်ဦးမှာ Lawngtlai ခရိုင် South Lungpher ကျေးရွာသား B.Lalthafamkima တို့ဖြစ်ကြောင်း သိရှိရသည်။ (NN – 25)

 

ဓာတ်ပုံ - Bualpui (NG) Sub – Headquarters ထုတ်ပြန်ချက်

ဆက်စပ် သတင်းများ