တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများတင်ဆောင်လာသည့်ကား ရဲဖမ်းမည်ကိုစိုးရိမ်၍ ထွက်ပြေးရာမှတိမ်းမှောက်ပြီး ၂ ဦးသေ၊ ၁၁ ဦးထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 765

မြန်မာရွှေ့ပြောင်း အလုပ်သမားများ တင်ဆောင်လာသည့် မော်တော်ယာဉ်အား ထိုင်းရဲများက စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်မပေးဘဲ ထွက်ပြေးရာမှ ကားတိမ်းမှောက်မှုဖြစ်ပြီး မြန်မာ၂ ဦးသေကာ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။

 

အဆိုပါ ဖြစ်စဉ်သည် မေလ ၅ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်း (Thai) ဖော်ပြချက်အရသိရှိရသည်။

 

၎င်းယာဉ်တိမ်းမှောက်မှုသည် နရသီဝပ်ခရိုင်၊ ယီငေါမြို့နယ်၊ သပေါယော့ကျေးရွာရှိ Buke Bakong ဗလီရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၎င်းကားမှာ ထွက်ပြေးစဥ် လမ်းဘေးမြောင်းအတွင်းသို့  ထိုးကျ တိမ်းမှောက်သွားခဲ့သည်ဟု ဆိုသည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်လာပါသည့် မြန်မာ အလုပ်သမား ၁၃ ဦးထဲမှ ၂ ဦးမှာ  အခင်းဖြစ်ရာနေရာ၌ ွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊  ယာဉ်ပေါ်လိုက်လာသူများမှာ ထိုင်းနိုင်ငံအတွင်းကို တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက် လာကြသူများဖြစ်ပြီး မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့်သူများဖြစ်ကြောင်း ၎င်းတို၏ ထွက်ဆိုချက်များကို ကိုးကားပြီး  ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြသည်။

 

ဖမ်းဆီးရမိသူ မြန်မာအလုပ်သမားများအား ဆေးဝါးကုသမှုများခံယူစေပြီး သက်ဆိုင်ရာက တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဖြင့် တရားစွဲဆိုရန် လုပ်ဆောင်ထားသည်ဟု  သိရှိရသည်။

 

မြန်မာပြည်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူများမှာ စီးပွားရေး အထူးကျပ်တည်းနေပြီး  စားဝတ်နေရေး အဆင်မပြေရာမှ အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် ထွက်ခွာအလုပ် လုပ်ကြရာတွင် ယခုလို ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်မျိုး မကြာခဏ ဖြစ်ပျက်နေသည်ကိုတွေ့နေရကြောင်း ဘန်ကောက်မြို့က အလုပ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

 

မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေသူ အရေအတွက်မှာ  ၃ သန်းခန့် ရှိနေပြီဖြစ်ကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူများ၏ ပြောပြချက်အရ သိရှိရသည်။ (NN – 25)

 

ဓာတ်ပုံ - မြန်မာအလုပ်သမားတင်ယာဉ် တိမ်းမှောက်မှု (ข่าวความจริง สามจังหวัดภาคใต้)

ဆက်စပ် သတင်းများ