တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ အယုဒ္ဓယတွင် မော်တော်ယာဉ် တိမ်းမှောက် မီးလောင်မှု ဖြစ်ပွား၊လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 699

(ရွှေ့ပြောင်းလုပ်သားများအားလုံးမှာမြန်မာများဖြစ်)

 

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့အနီး ဘန်ကောက်သွား အဝေးပြေးလမ်းမပေါ်တွင် ယနေ့ (ကြာသပတေး) နံနက် ၁၂ နာရီ ၂၀ မိနစ်တွင် ရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် SUV မော်တော်ယာဉ်တစ်စီး တိမ်းမှောက် မီးလောင်မှုဖြစ်ပွါးခဲ့ရာ လေးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

ဘန်ကောက်မှတ်ပုံတင် SUV ကားသည် ဘန်ပါအင်းခရိုင်၊ ချင်းရက်နွိုင်ကျေးရွာ စာသင်ကျောင်းရှေ့ အဝေးပြေးလမ်းမ အမှတ် ၃၂ ပေါ်တွင် ရုတ်တရက် တိမ်းမှောက်သွားပြီး ခဏအကြာတွင် မီးလောင် ပေါက်ကွဲသံကို ရွာသားများ ကြားခဲ့ရသည်ဟု ဆိုသည်။

 

 မီးလောင်ပေါက်ကွဲမှု မဖြစ်မီ မော်တော်ကားထဲမှ ချက်ချင်း ရုန်းကန်ထွက်ပြေးခဲ့သူ ရွှေ့ပြောင်းလုပ်သား အမျိုးသားသုံးဦး နှင့် အမျိုးသမီးသုံးဦးတို့ ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြသည်။

 

၄င်းတို့ကို ဝမ်နွိုင်း နှင့် ဘန်ပါအင်း ဆေးရုံများသို့ ပို့ဆောင်ခဲ့ရသည်။

 

အခြားအမျိုးသမီး သုံးဦးနှင့် ထိုင်းလူမျိုးကားမောင်းသူတို့မှာ ကားမီးလောင်ပေါက်ကွဲမှုနှင့်အတူ သေဆုံးသွားသည်ဟု သိရသည်။

 

သတင်းများအရ ရွှေ့ပြောင်းလုပ်သားအားလုံးမှာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများ ဖြစ်သည်ဟုဆိုသည်။

 

အဝေးပြေးလမ်းမ၏ထိုနေရာအရောက်တွင် ကားဒရိုင်ဘာသည်အရှိန်မထိန်းနိုင်တော့ဘဲ ရုတ်တရက် တိမ်းမှောက်သွားခြင်းဖြစ်နိုင်သည်ဟု ရဲများက ခန့်မှန်းကြသည်။

 

ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း မော်တော်ယာဉ် တိမ်းမှောက်မှုများဖြစ်ပေါ်ခဲ့ရာ သေဆုံးဒဏ်ရာရသူများမှာ ထိုင်းနိုင်ငံသို့ တရားမဝင် လာရောက်ကြသော မြန်မာရွှေ့ပြောင်း လုပ်သားများ ဖြစ်နေသည်။

 

မေလ(၃၁)ရက် ည ၁၀ နာရီ ခန့်ကလည်း ကန်ချနာဘူရီပြည်နယ်၊ ဆန်ခလဘူရီခရိုင်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ရဲများက တရားမဝင် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ပစ်ကပ်ကား သုံးစီးကို တားဆီးရာ ရပ်မပေးသဖြင့် လိုက်လံဖမ်းဆီးရာမှ မော်တော်ကား တိမ်းမှောက်မှုဖြစ်ပွါးပြီး မြန်မာ တစ်ဦး သေဆုံးကာ ၁၀ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရှိရသည်။

 

Ref and photo: Bangkok Post.

ဆက်စပ် သတင်းများ