စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြဝတီမြို့တွင် တရားထိုင်နေသည့်အမျိုးသားတစ်ဦး ရိုက်နှက် လုယက်ခံရ၍ သေဆုံး


  • ရေးသူ: Web Master (NN 25)
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 764

ကရင်ပြည်နယ်၊ မြ၀တီမြို့၊ မိချောင်းကုန်း ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဘုရားတွင် တရားထိုင်နေသည့် အသက် ၄၀ ခန့် အမျိုးသားတစ်ဦးသည် သြဂုတ်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် လုယက်ရိုက်နှက်ခံရ၍ သေဆုံးသွားကြောင်း ‌ဒေသခံ အလင်းသစ် လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“သွေးအိုင်ထဲမှာ လဲနေတယ်ဆိုပြီးအကြောင်းကြား အကူအညီတောင်းလာလို့ ကျနော်တို့ကလည်း ရဲတို့၊ နယ်ထိန်းတို့ သက်ဆိုင်ရာကို ချိတ်ဆက်ပြီးတော့ သွားကူညီခဲ့တာပေါ့။ ဟိုရောက်က ဦးခေါင်းက အုတ်နီခဲနဲ့ ရိုက်ခံထားတာ တော်တော် ကြေမွနေပြီဗျ”ဟု ပြောသည်။

ရိုက်နှက်ခံရသူ၏ ဖုန်းနှင့် ပိုက်ဆံများလည်း ပျောက်ဆုံးနေပြီး လုယက်ခံရခြင်းဖြစ်သည်ဟု ဆိုကြသည်။

သေဆုံးသွားသူသည် မြ၀တီ အမှတ် (၅)ရပ်ကွက်၊ ၈ ဂိတ်တွင် နေထိုင်သူဖြစ်ပြီး မိသားစုနှင့် အဆက်သွယ်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

သူသည် အဆိုပါဘုရားသို့ တရားထိုင်၊ ပုတီးစိတ် ပုံမှန်လာလုပ်သူ တစ်ဦးဖြစ်သည်ဟု သိရသည်။

ရိုက်နှက်ခံရပြီးနောက် ဆေးရုံသို့ အချိန်မီပို့ဆောင်ခဲ့သော်လည်း ဆေးကုသမှု ခံယူနေစဥ် တစ်နာရီအချိန်အတွင်း၌ပင် အသက်ဆုံးရှုံးသွားခဲ့ရကြောင်း လူမှုကူညီရေးအသင်းက ပြောဆိုသည်။

သေဆုံးမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာက စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ - ရိုက်နှက်ခံရသူ (အလင်းသစ် - လူမှုကူညီရေးအသင်း)

ဆက်စပ် သတင်းများ