Preview

ပလက်၀တွင် ဒေသတည်ငြိမ်နေသော်လည်း ၂ နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံထားရ

အောက်တိုဘာ ၀၇/ ၂၀၂၃ | ကြည့်ရှုသူ :1104
ပြည်တွင်း သတင်း

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင်လက်ရှိအချိန် ဒေသတည်ငြိမ်နေသော်လည်း စစ်ကောင်စီက အင်တာ နက်ဖြတ်တောက်ထားသည်မှာယခုအခါ ၂ နှစ်ကျော်ကြာလာပြီဟု သိ၇သည်။

ယင်းသို့ဒေသတည်ငြိမ်နေသော်လည်း ၂ နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက်ဆက်သွယ်ရေးအခက်အခဲရှိကြောင်း ဒေသခံများက ပြောသည်။

ပလက်၀မြို့ခံ တစ်ဦးက“အင်တာနက်ကသုံးလို့မရသေးဘူး။ အရင်ကတည်းကဖြတ်ထားတာ။ ဖုန်းလိုင်းတွေကလည်းပြတ်တောက် ပြတ်တောက်ပဲ။ ဆက်သွယ်ရတာ အဆင်မပြေဘူး။ တချို့ကအိုင်ပီစတားနဲ့ အင်တာနက်သုံးကြတာ ရှိကြတယ်။ ဖုန်းနဲ့တော့ သုံးလို့မ၇ဘူး”ဟု ပြောသည်။

လွန်ခဲ့သည့် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်မှစတင်ကာ စစ်ကောင်စီက ချင်းပြည်နယ်၊ပလက်၀အပါအဝင် မြို့နယ်တချို့တွင် အင်တာနက်လိုင်းများကိုပိတ်ထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်နယ်မြေတည်ငြိမ်နေသည့်အတွက် အင်တာနက်လိုင်း အသုံးပြုခွင့်ကို အမြန်ဆုံးရစေချင်ကြောင်းလည်း သူက ဆက်ပြောသည်။

“အင်တာနက်မရတော့ ကျန်းမာရေး၊လူမှုရေး၊ စီးပွားရေးကအစပေါ့။ အားလုံး အစစအရာရာ နောက်ကျနေတယ်။ ဘယ်နေရာမှာဘာဖြစ်လို့ ဘာဖြစ်နေတယ်ဆိုတာကိုလဲ မသိရဘူးလေ။ အင်တာနက်အသုံးပြုလို့ရရင်တော့အဆင်ပြေတာပေါ့”ဟုပြောသည်။

၂၀၁၉ ခုနှစ်တွင်ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့သည့်အတွက်မြန်မာစစ်တပ်က အင်တာနက်လိုင်းများကို ပထမအကြိမ် ၁ နှစ်ကျော် ဖြတ်တောက်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်းအင်တာနက်လိုင်းများကို ပြန်ဖွင့်ပေးခဲ့ပြန်သည်။

ယင်းနောက် ချင်းပြည်နယ်အတွင်းစစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက်ယခုအချိန်အထိ စစ်ကောင်စီက အင်တာနက်လိုင်းများကို ဖြတ်တောက်ထားခြင်းဖြစ်သည်။

ယင်းသို့ဖြတ်တောက်ထားမှုကြောင့်ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများကိုလည်း အင်တာနက်လိုင်းဖြင့်လွှဲ၍ မရဘဲ ဘဏ်များမှတဆင့် အချိန်အကုန်ခံကာ လွှဲပေးနေရသည်ဟုကျောက်တော်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အင်တာနက်သုံးလို့မရတော့ ငွေလွှဲ၊ငွေပို့တဲ့အခါကျရင် အခက်အခဲရှိတယ်။ K-payနဲ့ ပို့မရတော့ ဘဏ်ကပဲ လွှဲရတယ်။ချက်ချင်းလွှဲ၊ ချက်ချင်းထုတ်ရမဲ့ငွေက ဘဏ်ကနေ သွားထုတ်နေရတော့ အချိန်အကြာကြီးနောက်ကျတာပေါ့။ အခက်ခဲတွေက အများကြီးပါ” ဟု ပြော သည်။

ယခုကဲ့သို့နှစ်ရှည်လများ အင်တာနက်လိုင်းဖြတ်တောက်ထားခြင်းမှာ စစ်ကောင်စီတပ်ကလူ့အခွင့်အရေး ချိုးဖောက်မှုများကို အားပေးကာကွယ်ရာရောက်ပြီးအင်တာနက်ဖြစ်တောက်မှုကို လက်နက်တစ်ခုအဖြစ်လည်း စစ်ကောင်စီကအသုံးချနေသည်ဟု ဝေဖန်မှုများ ရှိနေသည်။ (NN-14)

ဓာတ်ပုံ - အင်တာနက်

#ပလက်ဝ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.