မြန်မာနိုင်ငံတစ်ဝန်းတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့်နေရပ်စွန့်ခွာသူ ၂ သန်းနီးပါးအတွက်အမိုးအကာ၊ ဆေးဝါးနှင့်ကျန်းမာရေးအကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့ (UN-OCHA)က ယနေ့တွင်ထုတ်ပြန်ထားသည်။
ယနေ့ထုတ်ပြန်သည့် ကိန်းကဏန်းများမှာ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်အထိ ကုလသမဂ္ဂက နောက်ဆုံး ကောက်ခံရယူထားသည့်စာရင်းဖြစ်ပြီး ထိုအထဲမှ လူဦးရေ ၁ ဒသမ ၇ သန်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် မလုံခြုံသည့်အတွက် နေရပ်စွန့်ခွာသူများဖြစ်သည်ဟုဆိုသည်။
“ဒီလူဦးရေ ၂ သန်းနီးပါးဟာ မရေရာတဲ့ အခြေအနေတွေနဲ့နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုး အကာနဲ့ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူမှုကူညီရေး အကူအညီတွေ လိုအပ်နေပါတယ်”ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာလ၉ ရက်အထိ နိုင်ငံအရှေ့တောင်ဘက်တွင် လူဦးရေ ၄၈၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့၇ပြီးစစ်ကိုင်းနှင့်မကွေးတိုင်းဒေသကြီးတွင်လည်းစက်တင်ဘာလနှောင်းပိုင်းတွင်လက်နက်ကိုင်တိုက်ပွဲများကြောင့် လူဦးရေ ၁၃၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့၇ကြောင်း အောက်တိုဘာလ ၁၂ ရက်က ထုတ်ပြန်သည့် UN-OCHA ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လွန်ခဲ့သည့်အပတ်က ပဲခူးမြို့နယ်အတွင်းရေကြီးမှုနှင့် မိုးသည်းထန်မှုကြောင့်ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းအောက်တိုဘာလ ၉ ရက်က မြေပြိုကျပြီးကားလမ်းပျက်စီးခဲ့သည့်အတွက်အကူအညီပေးရေးပစ္စည်းများ သယ်ယူမှုနှောင့်နှေးခဲ့ရသည့်အခက်အခဲများရှိခဲ့သော်လည်း လူဦးရေ ၁ ဒသမ ၈သန်းကျော်ကို ယခုနှစ်ပထမနှစ်ဝက်တွင် အကူအညီများ ပေးနိုင်ခဲ့သည်ဟုလည်း ယနေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Photo - UN-OCHA Myanmar