မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ၊ ရက္ခိုင့်တပ်တော်(AA)ညီနောင်မဟာမိတ်သုံးဖွဲ့ မှအောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ ပူးပေါင်းစစ်ဆင်ရေးကြေညာချက်ထုတ်ပြန်ပြီး ဒုတိယရက် (အောက်တိုဘာ ၂၈)ရက်တွင်MNDAA မှစစ်အောင်ပွဲများအကြီးအကျယ်ချဲ့ထွင်နိုင်ခဲ့ပြီးတစ်ရက်ထဲတွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်စခန်း(၁၅)ခုကို ထပ်မံတိုက်ခိုက်သိမ်းယူခဲ့သည်ဟု ယနေ့ အောက်တိုဘာ ၂၉ ရက် နေ့စွဲဖြင့် ကိုးကန့်သတင်းမီဒီယာတွင် ဖော်ပြသည်။
ထိုသို့ တိုက်ခိုက်ရာတွင်စစ်ရေးအရ အလွန်အရေးပါသော မာကြာတစ်ပေါက်ပေါက်တောင်ကုန်းရှိ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ၎င်းသိမ်းပိုက်မှုမှာ စစ်ရေးအရ အလွန်အရေးကြီးသည်ဟု ဆိုသည်။
အောက်တိုဘာ ၂၈ ရက်နေ့နံနက်ပိုင်းတွင် ကိုးကန့် MNDAA တပ်မတော်သည် ကိုးကန့် ဒေသတွင်းရှိစစ်ကောင်စီတပ်ဖွဲ့၏ တာအပ်ထိုက် တပ်စခန်းကို ဦးစွာထိုးစစ်တိုက်ခိုက်ကြောင်း၊ အလားတူ နံနက် ၉နာရီခန့် တွင် MNDAAမှ အင်အားတစ်စုသည်ချင်းရွှေဟော်ဒေသရှိ စစ်ကောင်စီတပ်ဖွဲ့၏ အခိုင်မာဆုံး တပ်စခန်း (မာကြာတစ်ပေါက်ပေါက်တောင်ကုန်း)ကို စတင်ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ MNDAA၏အင်အား အရှိန်အဟုန် ပြင်းစွာ တိုက်ခိုက်မှုဖြင့် နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့် ၎င်းတပ်စခန်းကို အောင်မြင်စွာသိမ်းယူခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲတွင်MNDAAမှလက်နက် ခဲယမ်းအမြောက်အမြားသိမ်းဆည်းရရှိပြီး သံချပ်ကာ စစ်ကား(၂)စီးကို ဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီတပ်ဖွဲ့၏အလောင်း(၁၅)လောင်းခန့်တပ်စခန်းတွင် ရတွေ့ရှိ၇သည်ဟု ဆိုသည်။
၎င်းနေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့် စစ်ကောင်စီတပ်ဖွဲ့သည်လေကြောင်းပို့ဆောင်ယာဉ်ဖြင့် ချင်းရွှေဟော်ဒေသသို့ စစ်ပစ္စည်းနှင့်လူအင်အား(၈၀)ကျော် ဝေဟင်မှလေထီးဖြင့် ပို့ချခဲ့သော်လည်း MNDAAမှချက်ချင်း ပစ်ခတ် တိုက်ခိုက်ကာ ၎င်းတို့ ပို့ချလာသော တပ်ဖွဲ့ဝင်ထဲက အယောက် (၇၀)ကျော်ကိုအောင်မြင်စွာချေမှုန်းနိုင်ခဲ့ပြီး (၃)ယောက် ဖမ်းဆီးရရှိခဲ့ကြောင်း၊စစ်ပစ္စည်း အချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဖော်ပြထားသည်။
၎င်းပြင် မုံးကိုးတိုက်ပွဲ MNDAAနှင့်မုံးကိုးဒေသလုံခြုံရေးအဖွဲ့တို့သည် တပ်စခန်းစုစုပေါင်း (၉)ခုတို့ကို ဆက်တိုက်သိမ်းယူခဲ့သည်။
၎င်းစခန်းများမှာ နမ်ကျွမ့်ဒေသ ရှောက်ရင်ဖန် ၊ နမ်ဟ ၊မန်ပင် ၊ မိုင်းရန်ကျွမ်ဖိုင်ပေါက်ပေါက် တောင်ကုန်း၊ ချင်ချိုင့်ထန် နှင့် မာလင်ရှူ-ဖောင်းဆိုင်လက်ဝဲဘက် အောက်ပိုင်းရှိ စခန်းများပါဝင်သည်ဟု ဆိုသည်။ ယင်းအထဲတွင် နမ်ဟရှိ တပ်စခန်း(၂)ခု၊ မာလင်ရှူ-ဖောင်းဆိုင်လက်ဝဲဘက်အောက်ပိုင်းတွင်တပ်စခန်း(၃)တို့ပါဝင်သည်ဟု သိ၇သည်။
MNDAAမှအခြားအင်အားတစ်စု၏ တိုက်ခိုက်မှုအောက်တွင် စစ်ကောင်စီတပ်ဖွဲ့၏မန်ယန်နေရာရှိခဲယမ်းသိုလှောင်ခန်း(ဂိုဒေါင်)ကို ဖျက်ဆီးခဲသည်ဟု ဆိုသည်။
မူပန်တိုက်ပွဲတွင်လည်းMNDAAသည်စစ်ကောင်စီတပ်ဖွဲ့၏ နမာရွာရှိ ကွမ်ပေါက်စခန်း ၊ မူပန်ဂိတ် ၊လားရှိုး ကွမ်ယုံအနောက်ဘက် တောင်တန်းနှင့်နမ်ကျန့်ဂိတ်ကို တိုက်ခိုက်သိမ်းယူခဲ့ပြီး လားရှိုးရှိစစ်ကောင်စီတပ်ဖွဲ့၏ ဗျူဟာကုန်း(၆၈) ၊ နာတစ်ကျေးရွာ(၄၁)မိုင် ၊ နာတစ်တံတားနှင့်ကွမ်လုံဒေသရှိ တပ်စခန်းများကိုထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ (NN-30)
Photo by The Kokang