ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ညီနောင်မဟာမိတ် ၃ ဖွဲ့ စစ်တပ်စခန်းများကို ဆက်လက်သိမ်းပိုက်နေ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

“စစ်ကောင်စီသည် စစ်ရေးအရအရေးပါသော တပ်စခန်းများကို တစ်ပြိုင်နက်တည်း ဆုံးရှုံးရခြင်း၊ စစ်မျက်နှာစာများတွင် ချောင်ပိတ်ခံနေရခြင်း၊ ၎င်းတို့၏တပ်ဖွဲ့ဝင်များ အကျအဆုံးများလာခြင်းတို့ကြောင့် အရပ်သားပြည်သူများကို ဦးတည်သော လေကြောင်း တိုက်ခိုက်မှုများကို ပိုမို ပြုလုပ်လာ”

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် (၈) ရက်မြောက်နေ့တွင်လည်း တိုက်ပွဲများကို အပြင်းအထန် ဆက်လက်ဆင်နွှဲလျက်ရှိပြီး စစ်ကောင်စီ စစ်စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရရှိလျက်ရှိကြောင်း နိုဝင်ဘာလ (၃) ရက်နေ့၊ ညနေ (၅:၁၅) နာရီအချိန် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုဝင်ဘာ ၃ ရက် နံနက် (၆ နာရီ ၅၅ မိနစ်) အချိန်ခန့်တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့များသည် တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းအား အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ပြီး  လက်နက် (၄) လက်၊ ၆၀ မမ ဗုံးသီး (၃၀) လုံး၊ RPG အသီး (၈၀) လုံး၊ လက်ပစ်ဗုံး (၅၀) လုံး၊ ကျည်ဆံ အမြောက်အမြားနှင့် စစ်လက်နက်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ဖြင့် (၃) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ 

နိုဝင်ဘာ ၃ ရက်  နံနက် ၅ နာရီ အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၃) စစ်ဒေသတွင်းရှိ စစ်ကောင်စီ၏ “မန်တုံရဲစခန်း” အားလည်းကောင်း၊ တစ်ချိန်တည်းတွင်ပင် မန်တုံမြို့ရှိ စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ် “ပူးပေါင်းတပ်စခန်း” အားလည်းကောင်း အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့ပြီး   နံနက် (၄:၀၀) အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ “ကွန်ခါတပ်စခန်း” အား အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့သည်ဟု ဆက်လက်ဖော်ပြသည်။

စစ်ကောင်စီသည် စစ်ဆင်ရေးဆင်နွှဲနေသော တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ရန်သူသည် ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ရန်သူ့စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရေးအရအရေးပါသော တပ်စခန်းများကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရခြင်း၊ စစ်မျက်နှာစာများတွင် ချောင်ပိတ်ခံနေရခြင်း၊ ၎င်းတို့၏တပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံပြည်သူ့စစ်များ အကျအဆုံးများလာခြင်းတို့ကြောင့် အရပ်သားပြည်သူများကို ဦးတည်သော လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများကို အကြောင်းမဲ့ရမ်းသန်းပတ်ခတ်ခြင်းများ ပိုမို ပြုလုပ်လာလျက်ရှိနေကြောင်းဖော်ပြသည်။ 

တိုက်ပွဲများအတွင်း ရန်သူ့အလောင်းများ၊ စစ်ဘက်ဆိုင်ရာ အချက်အလက်များနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရရှိခဲ့ သလို ဖမ်းဆီးရမိသော၊ လက်နက်ချအလင်းဝင်လာသည့် ရန်သူ့တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ဆန္ဒအတိုင်း အကောင်းဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။  

ဆက်စပ် သတင်းများ