တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

လွိုင်ကော်တက္ကသိုလ်ထဲ၌ တပ်စွဲထားသော လက်ကျန် စစ်သား ၃၂ ဦးလက်နက်ချ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

(စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးများအပါအဝင် တပ်ဖွဲ့ဝင် (၁၁၀)ကျော်သေဆုံးခဲ့ပြီး စစ်သုံ့ပန်း(၃၈)ယောက်၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ (၁၂၈)လက် နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့သည်ဟု ဖော်ပြ)


ကယား(ကရင်နီ) ပြည်နယ် လွိုင်ကော်တက္ကသိုလ်ထဲ၌ တပ်စွဲထားသော တပ်မ(၆၆)လက်အောက်ခံ ခမရ (၄၂၅) နှင့် ခမရ (၆) တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းနောက် နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင် ၃၂ ဦးသည်  ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF ထံ လက်နက်ချခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ(၁၄)ရက်နေ့တွင်  လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်းတပ်စွဲကျန်ရှိနေသော ခမရ (၆) မှ တပ်ဖွဲ့ဝင်များအား လက်နက်ချအညံ့ခံရန် KNDF မှ အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး “ကောင်းမြတ်ကို” (ကြည်း – ၄၆၅၉၇) ဦးစီးသော စစ်ကောင်စီတပ်သား (၃၂) ဦး လက်နက်ချ အညံ့ခံခဲ့သည်ဟု နိုဝင်ဘာ ၁၅ ရက် ယနေ့ နေ့စွဲဖြင့် KNDF ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။


နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံး ဖြစ်ပွားခဲ့သည့်  လွိုင်ကော်တက္ကသိုလ်ဝန်းတိုက်ပွဲတွင် တက္ကသိုလ် ဝင်းထဲ တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ(၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့သည်ဟု ဖော်ပြသည်။

အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးအား ယမန်နေ့  မနက်ပိုင်းမှစ၍ ညနေပိုင်းတွင် ကျန်ရှိစစ်ကောင်စီ တပ်ဖွဲ့များအား လက်နက်ချ အညံ့ခံရန် အခွင့်အရေး ပေးပြီးနောက် ထိုသို့ လက်နက်ချ အညံ့ခံလာခြင်းဖြစ်သည်ဟု သိရသည်။


လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း (၂) ရင်းအား ချေမှုန်းတိုက်ခိုက်ခဲ့သည့် KNDF စစ်ကြောင်း၏ စစ်ဆင်ရေးတွင် စစ်ကောင်စီ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးများအပါအဝင် တပ်ဖွဲ့ဝင် (၁၁၀)ကျော်အား သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း(၃၈)ယောက်၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ (၁၂၈)လက် နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

၎င်းစစ်ဆင်ရေးသည် “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည် KNDF က ပြောဆိုသည်။ (NN-30)

ဓာတ်ပုံ - KNDF

ဆက်စပ် သတင်းများ