(စစ်ကောင်စီ အလောင်း (၆၀)ကျော်နှင့် စစ်သုံ့ပန်း(၆၄) ဦး ဖမ်းဆီး၇မိခဲ့ဟုဆို)
တအာင်းစော်ဘွားများအဆက်ဆက် အုပ်ချုပ်ခဲသည့် ရှမ်းပြည်မြောက်ပိုင်း၊နမ့်ဆန်မြို့ကို နှစ်ပေါင်း (၆၄) နှစ်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ပြီဟု တအာင်းတပ်မတော်PSLF/TNLA က ယနေ့ သတင်းထုတ်ပြန်သည်။တအာင်းပြည်နယ်တပ်မဟာ(၂)စစ်ဒေသရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချကွပ်ကဲနေသည့် တပ်စခန်းအားလုံးကို ဒီဇင်ဘာ ၁၅ရက် ညနေက ဝင်ရောက်ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
တအာင်းတပ်မတော်က ၁၀၂ရစစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၁၀ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၅ နာရီ၃၀ မိနစ် အချိန်တွင်စစ်ကောင်စီ တပ်စခန်းများ၊စစ်ကောင်စီပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် စကစ ဌာနဆိုင်ရာရုံးများအလုံးစုံသိမ်းပိုက်ရရှိခဲ့သည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာအမြောက် (၄)စင်း၊လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံအမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီ အလောင်း (၆၀)ကျော်နှင့်စစ်သုံ့ပန်းအဖြစ်စစ်ကောင်စီတပ် (၃၀)ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆)ဦး၊ ရဲမိသားစုဝင် (၂၅) ဦးစုစုပေါင်း (၆၄) ဦး ဖမ်းဆီး၇မိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
တိုက်ပွဲ အတွင်း စစ်ကောင်စီ မန်တုံ ခလ၇-၁၃၀ တပ်မှလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများစွာနှင့် လေကြောင်းဖြင့် Mi35(၁)ကြိမ်၊ ART-42(၅)ကြိမ်၊ JetFighter (၁၉)ကြိမ်၊ Y12လေယာဥ် (၅)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း တအာင်းတပ်မတော်က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့်အရပ်ဖက်နေရာများကို ဦးတည်တိုက်ခိုက်မှုကြောင့်နမ့်ဆန်ဒေသခံ (၃)ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
၎င်းပြင် ဘာသာရေးအဆောက်အဦးဖြစ်သည့်ပတ္တမြားစေတီရှိ ဘုရားများနှင့် နမ့်ဆန်မြို့မ ဂိုဏ်းချုပ်ကျောင်းတို့သည် လေယာဥ်ဗုံးစနှင့် လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့ပြီး ငွန်ဆိုင်းကျေးရွာ မူလတန်းကျောင်းဆောင်လေယာဥ်ဗုံးထိမှန်မီးလောင်ပြီး လူနေအိမ် (၄၀)ကျော် လေယာဥ်ဗုံးစထိမှန်ပျက်စီးကာ လူနေအိမ် (၁၄) လုံးမီးလောင်ပျက်စီးခဲ့သည်။
နမ့်ဆန်မြို့နယ်သည်တအာင်းစော်ဘွားများအဆက်ဆက် နောက်ဆုံး စော်ဘွား စဝ်ခွန်ပန်းစိန် ၁၉၅၉ ခုနှစ် မတ်လ ၂ရက် အာဏာသိမ်းခံ၇သည်အထိ ကိုယ်ပိုင်အုပ်ချုပ်လာခဲ့သည့် (Taung Paing State )နန်းစိုက်ရာမြို့တစ်မြို့ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။
နှစ်ပေါင်း( ၆၄) နှစ်ကြာ အာဏာရှင်၏ အုပ်ချုပ်အောက်တွင် ကျရောက်ခဲ့သော နမ့်ဆန်မြို့သည် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၁၅:၃၀ နာရီ အချိန်တွင် အာဏာရှင် စစ်ကောင်စီထံမှအလုံးစုံ ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ကျရောက်သည့် ၂၇၁၅ ခုနှစ် တအာင်းနှစ်သစ်တွင် မူလပိုင်ရှင်တအာင်းပြည်သူတို့၏ လက်ဝယ်ထံ ပြန်လည်အပ်နှံ ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဓာတ်ပုံ- Ta’ang State TV and ShwePhee Myay News Agency