အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရှမ်းမြောက် မိုင်းငေါ့မြို့ကို PSF/TNLA က နောက်ထပ်သိမ်းပိုက်


  • ရေးသူ: Web Master (NN 25)
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 389

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဟု PSLF/TNLA မှ ယနေ့ ဇန်နဝါရီ ၁ရက်နေ့တွင်ထုတ်ပြန်သည်။

မိုင်းငေါ့မြို့နယ် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်  PSLF/TNLA က ဒီဇင်ဘာ ၂၉ ရက်နေ့မှ  ၃၁ ရက်နေ့ ထိ ၃ရက်ကြာတိုက်ခိုက်ပြီးနောက် ယမန်နေ့ ည ၁၂ နာရီခန့်က တပ်စခန်း ဗျုဟာကုန်းအပါအဝင် ၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများကို အလုံးစုံသိမ်းပိုက် ရရှိခဲ့သည်။


မိုင်းငေါ့မြို့ စခန်းသိမ်းတိုက်ပွဲ ၃ ရက်တာ တိုက်ပွဲ ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၄ ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း ၁၀၃ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၄၅ ကြိမ် ထက်မနည်း အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စစ်​ကောင်စီတပ်စခန်းများကို  PSLF/TNLA က တိုက်ခိုက်နေစဥ်တွင် စစ်ကောင်စီတပ်က အရပ်သားများကို ဦးတည်တိုက်ခိုက်မှုကြောင့် မိုင်းငေါ့မြို့နယ် ဒေသခံ ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာ ရရှိကာ ဘာသာရေး အဆောက်အဦး၊ ဘုရားကျောင်းကန်များ လူနေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့သည်ဟုထုတ်ပြန်ထားသည်။


တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်သုံးဆောင်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။

ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့အထိ တအာင်းတပ်မတော် PSLF/TNLA က နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ မိုင်းလုံမြို့တို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ဆဌမမြောက်မြို့အဖြစ် မိုင်းငေါ့မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပုံစာ-PSF/TNLA

ဆက်စပ် သတင်းများ