ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ကျိုက်ဒုံ ဗျူဟာကို သိမ်းပိုက်၊ ဗျူဟာမှူးနှင့် အရာရှိ ၁၂ ဦးအပါအဝင် ၆၆ ဦး KNU ထံလက်နက်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 840

လူထက်နိုင်(ဒွာရာမြီ)၊ နိရဉ္စရာ ၊ မတ် ၂၀ /၂၀၂၄

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အခြေစိုက် ကျိုက်ဒုံ ဗျူဟာကုန်းအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာမှူး နှင့် အရာရှိကြီး ၁၂ ဦး အပါအဝင် ၆၆ ဦးတို့သည် လက်နက်ချ အညံ့ခံကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုမှ မတ်လ ၂၀ ရက်နေ့တွင်ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကျိုက်ဒုံဗျူဟာ စခန်းကုန်းအား KNU - တပ်မဟာ (၆) KNLA - ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ မတ်လ ၁၃ ရက်၊ မနက် ၆ နာရီ မှ စတင်ဝင်ရောက် တိုက်ခိုက် ချေမှုန်းရာ ၁၄ ရက်၊ ညနေ (၃း၅၅) မိနစ်တွင် အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲတွင် ကျိုက်ဒုံမြို့ အခြေစိုက် စကခ(၁၃) လက်အောက်ခံ နဗဟ(၃) ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး နှင့် အရာရှိကြီးပေါင်း ၁၂ ဦး အပါအဝင် ၆၆ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ၁၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။


စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံသည့် ဗျူဟာမှူး နှင့် စစ်သားများအား  လူသားချင်း စာနာထောက်ထားမှုအနေဖြင့်  ဘေးကင်းလုံခြုံစွာ ပြုစု စောင့်လျှောက်ပေးထားပြီး ကရင်အမျိုးသား အစည်းအရုံးမှ စစ်သုံ့ပန်း ဥပဒေနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီ၏ ကျိုက်ဒုံ ဗျူဟာကုန်းအတွင်းမှ လက်နက်ခဲယမ်းများ နှင့် အခြားပစ္စည်းများအား သိမ်းဆည်းရမိ ခဲ့ကြောင်းလည်းသိရသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲ အတွင်း KNLA - ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှလည်း (၁) ဦး ဒဏ်ရာရရှိပြီး နောက်ထပ် (၂) ဦး မှာ တိုင်းပြည်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရကာ တိုက်ပွဲအတွင်း လိုအပ်သည်များကို ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးသည့် ပြည်သူတစ်ဦးမှာလည်း နင်းမိုင်း ထိမှန် ဒဏ်ရာရခဲ့ကြောင်းသိရသည်။

မတ်လ ၁၃ ရက်နေ့ မှ ၁၄ ရက်နေ့ အထိ ကျိုက်ဒုံ ဗျူဟာကုန်း စခန်းသိမ်း တိုက်ပွဲ အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်း ပစ်ကူအဖြင့် ၁၅ ကြိမ် လာရောက် ဗုံးကြဲ ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများအား စခန်းသိမ်းတိုက်ပွဲအဖြင့် သော်လည်းကောင်း၊ မြို့တွင်း တိုက်ပွဲအဖြင့် သော်လည်းကောင်း ဖော်ဆောင်လျှက်ရှိနေပြီး နေ့စဥ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန်နေကြောင်းသိရသည်။

 

 

ဓာတ်ပုံ - KNU

 

ဆက်စပ် သတင်းများ