အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) ဝင်​ရောက်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4k

ခိုင်လူလှ (ရိုးမမြီ)၊ နိရဉ္စရာ၊ မတ် ၂၂/  ၂၀၂၄

စစ်ကောင်စီ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်းကို ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)ရဲ​ဘော်များ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ်အသွင်ယူပြီး ဝင်​ရောက်တိုက်ခိုက်ခဲ့ကြောင်း People's Spring (လူထုနွေဦး)တွင် သတင်းဖော်ပြထားသည်။

ယနေ့ သောကြာ​နေ့ ​နေ့လယ်​ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီးရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာသို့ ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြင်းအားမြင့် အ​ဝေးထိန်းမိုင်းဖြင့် ​​အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း  ရန်ကုန် ပကဖ(အထူးတပ်ဖွဲ့)မှ တာဝန်ရှိသူကို ကိုးကားပြီး လူထုနွေဦးက သတင်းရေးသားထားသည်။

ရန်ကုန်ပကဖ(အထူး​ထောက်လှမ်း​ရေးအဖွဲ့)အသွင်ယူ ရဲ​ဘော်များထံမှ တိုင်းစစ်ဌာနချုပ်သို့ စစ်​​ကောင်စီ၏ ကစထ(၅)မှူး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့်အဖွဲ့ လာ​ရောက်မည်ဖြစ်​ကြောင်း၊ ၎င်းအပါအဝင် စစ်​ကောင်စီဝန်ကြီးအချို့၊ ရန်ကုန်တိုင်း စစ်တိုင်းမှူးနှင့် မြို့​တော်ဝန်၊ အခြား တပ်ဘက် အရပ်ဘက်အရာရှိကြီးများ ​လာ​ရောက်ရန်ရှိကြောင်း အတွင်းသတင်းအတိအကျ ​ပေးပို့လာသည့် အတွက် ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲ​ဘော်များက တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်​ကောင်စီ တပ်ဖွဲ့ဝင်များအဖြစ် အသွင်ယူဝင်​ရောက်ပြီးအချိန်မီ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီ၏ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ၊ အရာခံများ ထိခိုက်ဒဏ်ရာရရှိမှု များပြား​​ကြောင်းသိရပြီး ​သေဆုံးစာရင်းကို အတိအကျမသိရ​သေး​​​ဟု သတင်းတွင် ဖော်ပြသည်။

တိုက်ခိုက်မှု ပေါက်ကွဲသံကို ​ဘေးပတ်ဝန်းကျင်မြို့နယ်များက ကြားရပြီး လက်ရှိတိုင်း စစ်ဌာနချုပ် အတွင်းသို့ မီးသတ်ကားနှင့်လူနာတင်ကားများ ဝင်သွား​ကြောင်း သိရသည်ဟု ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြောသည်။

သို့သော်လည်း ဖြစ်စဥ်နှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးဟု ဆိုသည်။

ဖေဖော်ဝါရီနှင့် မတ်လ နှစ်လအတွင်းမှာပင် ရန်ကုန်မြို့တွင်ရှိသည့် စစ်ကောင်စီနှင့် ဆက်စပ်သည့်နေရာ ၁၈ နေရာအထိ မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်ခဲ့ပြီး  ထိုတိုက်ခိုက်မှုများအထဲတွင် အကြီးဆုံး ပစ်မှတ်ငါးခုပါဝင်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

အကြီးဆုံး ပစ်မှတ်ငါးခုမှာ လေယာဥ်ဆီတင် MVသင်္ဘော ဖောက်ခွဲတိုက်ခိုက်မှု၊ MEC အရာရှိများ နေထိုင်သည့် မြဝတီအရာရှိရိပ်သာ ဖောက်ခွဲတိုက်ခိုက်မှု၊ Mytel ရုံးချုပ် ပြင်းအားမြင့် အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု၊ အင်းစိန်မြို့နယ်မှာရှိ လေတပ်အိမ်ရာဝင်း ပစ်ခတ်တိုက်ခိုက်နှင့် ယခု ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီးရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာအတွင်း ဝင်ရောက်တိုက်ခိုက်မှုတို့ ဖြစ်သည်ဟု ဆိုသည်။

ဆက်စပ် သတင်းများ