နွေနေ/ နိရဉ္စရာ၊ ဧပြီ ၃/၂၀၂၄ (နိုင်ငံတကာသတင်း)
တရုတ်နိုင်ငံစစ်တပ်သည်မြန်မာနယ်စပ်အနီးတွင် ကျည်အစစ်များအသုံးပြု၍ လက်တွေ့ပစ်ခတ်၊စစ်ရေးလေ့ကျင့်မှုများ ဧပြီ ၂ရက်(အင်္ဂါနေ့)မှ စ၍ နှစ်ရက်ကြာ ပြုလုပ်နေသည်ဟုသိ၇သည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် တရုတ်လွတ်မြောက်ရေးတပ်မတော်(PLA)တောင်ပိုင်းစစ်မျက်နှာစစ်ဌာနချုပ် လက်အောက်ရှိမြေပြင်တပ်ဖွဲ့များနှင့် လေကြောင်းတပ်ဖွဲ့များ ပါဝင်ပြီး အလျင်အမြန်တပ်ချထားရေး၊ ပစ်မှတ်တိကျမှန်ကန်ရေး နှင့် အခြားသောစစ်ရေးလေ့ကျင့်မှုများပါဝင်သည်ဟု Nikkei Asia သတင်းတွင် ဖော်ပြထားသည်။
တရုတ်တောင်ပိုင်းစစ်မျက်နှာစစ်ဌာနချုပ်အောက်ရှိ တိုက်ခိုက်ရေးတပ်ဖွဲ့များမှာတရုတ်နိုင်ငံ၏ အချုပ်အခြာနယ်မြေ၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် တရုတ်ပြည်သူတို့၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရန်အသင့် ရှိနေသည်ဟု တရုတ်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးTian Junli က ပြောကြားခဲ့သည်။
မြန်မာစစ်တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ပြီးခဲ့သည့် အောက်တိုဘာလမှစ၍တရုတ်နယ်စပ်အနီးတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်နေခဲ့သည်။
တရုတ်နိုင်ငံကူမင်းမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလက တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့်မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် ညီနောင်သုံးဖွဲ့တို့တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့တို့အကြား အပစ်အခတ် ရပ်စဲပြီဖြစ်ကြောင်း တရုတ်အစိုး၇ကကြေညာခဲ့သည်။
သို့သော်တရုတ်နယ်စပ်အနီးတွင် တိုက်ပွဲဖြစ်ပွါးမှု ဆက်လက်ဖြစ်ပေါ်နေဆဲရှိပြီးနယ်စပ်ဒေသနေ တရုတ်ပြည်သူတို့ကို ထိခိုက်မှုများရှိနေသည်။
တရုတ်၏ယခု စစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ်ကိုရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုပါအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကိုလိုက်နာကြရန် သတိပေးမှုဖြစ်သလို မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခများတရုတ်နိုင်ငံထဲအထိ ကူးစက်မလာစေရန် သတိပေးမှုလည်းဖြစ်သည်ဟုဆိုသည်။
တရုတ်နိုင်ငံ၏အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန်ရှိကျန်သည် တနင်္လာနေ့ကနေပြည်တော်တွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တောင်ပိုင်းစစ်မျက်နှာ စစ်ဌာနချုပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း မြန်မာနိုင်ငံနယ်စပ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့သည်။
Ref:NikkeiAsia