အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ခေါင်းဆောင်ဟောင်း တချို့အား တွေ့ဆုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.6k

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၅ / ၂၀၂၄

 မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai  သည် အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါအဝင် ခေါင်းဆောင်ဟောင်းတချို့အား သွားရောက်တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ We Chat စာမျက်နှာတွင် ဧပြီလ ၅ ရက်နေ့ သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် Mr. Chen Hai   သည် မြန်မာအာဏာရှင်ဟောင်း ဦးသန်းရွှေ အပါဝင်  ယခင်စစ်အစိုးရခေါင်းဆောင်ဟောင်းတချို့အားသွားရောက်တွေ့ဆုံခဲ့ကြောင်း တရုတ်သံရုံးနှင့်ဆက်စပ်သော တရုတ်မီဒီယာများတွင်လည်း ဖော်ပြထားကြသည်။

မြန်မာနှစ်ကူး သင်္ကြန်အကြိုအဖြစ်  တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့အားတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု၏သမီး ဒေါ်သန်းသန်းနု၊ တရုတ်မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌဟောင်း ဦးစိန်ဝင်းအောင် အပါအဝင် လူပုဂ္ဂိုလ်တချို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးနှင့် ပြည်သူများ စားဝတ်နေရေးဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ကူညီပေးနိုင်ရန် တရုတ်နိုင်ငံဘက်မှ ဆန္ဒရှိသည့်အတွက် မြန်မာ-တရုတ်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရန် ဆောင်ရွက်နေကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းသိရသည်။

ဧပြီလ ၄ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးတွင်  ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်ပြီး တည်ငြိမ်အေးချမ်းရန် အပြုသဘောဆောင်သည့် ကဏ္ဍမှ ဆောင်ရွက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Geng Shuang  မှပြောဆိုခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း၏ ဧပြီလ ၁ ရက်နေ့ နေပြည်တော် ခရီးစဉ်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကိစ္စ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေး၊ နယ်စပ်ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် BODU


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!