အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

ကရင်နီပြည်တွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းကာ စစ်အာဏာရှင်ကျဆုံးရေးနှင့် အာဏာဟူသမျှချုပ်ငြိမ်းရေးအတွက် တိုက်ခိုက်သွားမည်ဟု KNSO ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 160

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၁၁ / ၂၀၂၄

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်အား ကရင်နီပြည်တွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူများ နှင့်အတူပူးပေါင်းကာ စစ်အာဏာရှင်ကျဆုံးရေးနှင့်အာဏာဟူသမျှချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအထိ ပါဝင်တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကရင်နီ အမျိုးသား စည်းလုံး ညီညွတ်ရေး အဖွဲ့ Karenni National Solidarity Organization မှ ဧပြီ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာကိုသိမ်းယူမှုကြောင့် ဖြစ်ပေါ်လာသောနောက်ဆက်တွဲပြဿနာများအပေါ် စစ်ကောင်စီဖက်မှနည်းအမျိုးမျိုးဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ အိုးအိမ်များအားမီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်အားကိုးပြီး အင်အားသုံးတိုက်ခိုက်လာမှုတို့ကြောင့် ကရင်နီပြည်တွင်းရှိပြည်သူများသာမကဘဲ မြန်မာတစ်နိုင်ငံလုံးရှိပြည်သူ များစွာ အသက်ဆုံးရှုံးခဲ့ရသည့်အပြင် လူငယ်လူရွယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ထောင်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသောကြောင့် မိမိတို့အဖွဲ့ အစည်းမှ စစ်ကောင်စီ၏လုပ်ရပ်များအပေါ်( လုံးဝ )ကန့်ကွက်ရှုတ်ချကြောင်း KNSO မှထုတ်ပြန်ထားသည်။

မိမိတို့ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့၊ ဌာနချုပ်ရုံးအခြေပြုရာ ခဲမဖြူ-ကျေးရွာအတွင်း သို့ လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ မော်ချီးရှိပြည်သူလူထုများနေထိုင်ရာ ကျေးရွာများသို့( ရှော့တိုက်ဒုံး )များပစ်ခတ်ခြင်း တို့ကြောင့် စစ်ကောင်စီမှ ငြိမ်းချမ်းရေးအားဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း သိရှိလိုက်ရသည်ဟု KNSO ထုတ်ပြန်ထားသည်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေး( KNSO )အဖွဲ့အစည်းသည် ကရင်နီပြည်၊ လိုပွါခိုခရိုင် (မော်ချီးဒေသ)အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ဖွဲ့ဖြစ်ပြီး နှစ်ပေါင်းများစွာ စစ်ဘေးဒဏ်ခံစားခဲ့ရသော ဒေသခံပြည်သူများကို ငဲ့ညှာ၍ - ၂ဝဝ၂ ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်နေ့တွင် တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဓာတ်ပုံ- KNSO

ဆက်စပ် သတင်းများ