တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

တစ်ပတ်အတွင်း စကစလက်ချက်ကြောင့် မြန်မာပြည်သူ (၉) ဦးသေဆုံးခဲ့ပြီး ထိုအထဲတွင် ရခိုင်က ၄ ဦးပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 175

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၇/၂၀၂၄

အကြမ်းဖက်စစ်အုပ်စုကြောင့် တစ်ပတ်အတွင်း မြန်မာပြည်သူ (၉) ဦးသေဆုံးခဲ့ရပြီး ထိုသေဆုံးမှု အထဲတွင်  ရခိုင်မှ (၄) ဦးပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့တွင် သတင်းထုတ်ပြန်သည်။

AAPP မှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၇) ဦး စုစုပေါင်း (၉) ဦး သေဆုံးခဲ့သည်။

အဆိုပါ (၉) ဦးအနက် ရခိုင်ပြည်နယ်မှာ (၄) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ၎င်းတို့သည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။




မေလ ၆ ရက်နေ့၊ နံနက် ၈ နာရီခွဲခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်း ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ၎င်းနေအိမ်တွင် နေထိုင်သူ ဦးနီထွန်းဦးနှင့် သားဖြစ်သူ ကိုဟန်တို့မှာ နေရာတွင်ပင် ဗုံးစထိမှန်၍ သေဆုံးခဲ့ကြသည်။

ထိုနေ့ နံနက် ၉ နာရီခွဲခန့်အချိန်တွင် အဆိုပါကျေးရွာကိုပင် ဒုတိယအကြိမ် ထပ်မံ၍ စစ်အုပ်စုမှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတစ်ခုပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဇင်း ဇာဂရနှင့် ဒေါ်မဒွေးတို့မှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ကြသည်။


(ဓာတ်ပုံ- အလယ်ကျွန်းကျေးရွာတွင် ဗုံးကြဲခံရ၍ ပြိုပျက်သွားသည့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များ/APM)

ဆက်စပ် သတင်းများ