တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်မှုကြောင့် (၆)လအတွင်း ရခိုင်တွင် အရပ်သား (၂၅၉) ဦး သေဆုံး၊ တစ်နိုင်ငံလုံးတွင် ဒုတိယအများဆုံးဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 379

နိရဉ္စရာ၊ ဇူလိုင် ၄/၂၀၂၄

အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကြောင့်  (၆)လအတွင်း ရခိုင်တွင် အရပ်သား (၂၅၉) ဦး သေဆုံးခဲ့သည်ဟု AAPP က ဇူလိုင်လ(၄)ရက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အရေအတွက်သည် မြန်မာနိုင်ငံတွင် ဒုတိယအများဆုံး သေဆုံးမှု အရေအတွက်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ကောက်ယူရရှိသည့် သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ( ၁ )ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့အထိ (၆)လအတွင်း၊ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၄၈) ဦးနှင့် အမျိုးသား (၇၂၈) ဦး စုစုပေါင်း (၁၀၇၆) ဦး သေဆုံးခဲ့ရသည်။

သေဆုံးခဲ့ရသူများတွင် ဘာသာရေးကဏ္ဍမှ (၁၅) ဦးနှင့် ပညာရေးကဏ္ဍမှ (၃၀) ဦး ပါဝင်သည်ဟုAAPP ကဆိုသည်။

အဆိုပါ သေဆုံးသူ (၁၀၇၆) ဦးအနက် စစ်ကိုင်းတိုင်းသည် (၃၁၃) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသ ဖြစ်ပြီးရခိုင်ပြည်နယ်သည် (၂၅၉) ဦးဖြင့် သေဆုံးမှု ဒုတိယ အများဆုံးဒေသဖြစ်သည်။

ထို့ပြင် သေဆုံးသူ (၁၀၇၆) ဦးတွင်  စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ (၃၁၈) ဦးရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် (၃၀၈) ဦး သေဆုံးခဲ့ရသည်ဟု AAPP က ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းသိရသည်။

Source/AAPP and Photo/ Amnesty International

ဆက်စပ် သတင်းများ