နိရဉ္စရာ၊ ဇူလိုင် ၂၃/ ၂၀၂၄
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးနယ်မြေတွင် ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၃၁၇ ဦး MNDAAထံ လက်နက်ချအလင်းဝင်ခဲ့သည်ဟု The Kokang က ယနေ့ ဇူလိုင်၂၃ ရက်နေ့တွင် ရုပ်သံနှင့် တကွ သတင်း ထုတ်ပြန်သည်။
လက်နက်ချရာတွင် စစ်ကောင်စီ၏ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ အရာရှိတစ်ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး အပါအဝင် စုစုပေါင်း ၃၁၇ ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းတို့သည် ဇူလိုင် ၂၁ ရက်နေ့တွင် MNDAAနှင့် ဆက်သွယ်ပြီးလက်နက်ချ အလင်းဝင်ခဲ့သည်ဟု ဆိုသည်။
သတင်းထုတ်ပြန်ချက်ထဲတွင် ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီတွင်မင်းအောင်လှိုင်၏ အာဏာသိမ်း တပ်မမှ ဒုဗိုလ်မှူးကြီး တစ်ဦးက ဗိုလ်မှူး ၂ဦးကိုခေါ်ဆောင်၍ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သားပေါင်း၃၁၇ ဦးတို့က MNDAAတပ်သို့လက်နက်ချအလင်းဝင်ခဲ့ပြီး မင်းအောင်လှိုင်၏အာဏာသိမ်းတပ်အား တိုက်ထုတ်ရန်မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်လိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြောင်း၊ MNDAA နိုင်ငံရေးဌာန၏ ရှေ့တန်းလုပ်ငန်းအဖွဲ့မှလက်နက်ချအလင်းဝင်လာသူတို့အား လက်ခံခဲ့ကြောင်း ဖော်ပြထားသည်။
MNDAAတပ်ဖွဲ့၏ စစ်သုံ့ပန်းများအတွက် ဦးစားပေး ကုသရေး မူဝါဒအရ လက်နက်ချသောဝန်ထမ်းများအတွက် အခြေခံ အသက်မွေးဝမ်းကြောင်း လုံခြုံမှုကိုသာမကထိခိုက်ဒဏ်ရာရရှိသူများနှင့် ဖျားနာသော ဝန်ထမ်းများအား အချိန်မီ ဆေးဝါးကုသမှုပေးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်ချအလင်းဝင်သူတို့ကို လက်ခံချိန်၌ MNDAA က နယ်မြေခံစစ်ကျောင်းတစ်ကျောင်းတွင် အာဏာသိမ်းတပ်၏ သေနတ်နှင့် လက်နက်ခဲယမ်း အများအပြားကိုသိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
(ဓာတ်ပုံ- The Kokangမှ ထုတ်လွှင့်သည် ရုပ်သံဖိုင်မှ ဖြစ်ပါသည်။)