Preview

စစ်ကောင်စီနှင့် နီးစပ်သည့် နိုင်ငံရေးပါတီ ၄ ခု၏ တရုတ်ခရီးစဥ်မှာ မြန်မာနိုင်ငံအတွက် မည်သည့်အထောက်အကူမျှ မဖြစ်နိုင်ဟုဆို

ဇူလိုင် ၂၈/ ၂၀၂၄ | ကြည့်ရှုသူ :1091
ပြည်တွင်း သတင်း

မောင်စာဂ၊နိရဥ္စရာ၊ဇူလိုင် ၂၈/ ၂၀၂၄

စစ်ကောင်စီနှင့် နီးစပ်သည့် နိုင်ငံရေးပါတီ ၄ ခု၏ တရုတ်ခရီးစဥ်သည် မြန်မာနိုင်ငံအတွက် မည်သည့် အထောက်အကူမျှ မဖြစ်နိုင်ဟုနိုင်ငံရေးလေ့လာသုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖေသန်းက နိရဥ္စရာကို ပြောသည်။

"တစ်နိုင်ငံလုံးမှာစစ်ရေးပြင်းထန်နေတဲ့အချိန်အခါမျိုး၊ စစ်ကောင်စီကျရှုံးဖို့ အရိပ်လက္ခဏာ ပြနေတဲ့အချိန်မျိုး၊တစ်နည်းအားဖြင့် တရားမျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပေးနိုင်ဖို့  အခြေအနေမရှိတဲ့အချိန်အခါမျိုးမှာ အဲဒီပါတီတွေကိုခေါ်သွားခြင်းဟာရွေးကောက်ပွဲ အတွက်လည်း အထောက်အကူမဖြစ်ဘူး။ နိုင်ငံရေးအတွက်လည်း အထောက်အကူမဖြစ်ဘူး။စစ်ကောင်စီအတွက် ညှိနှိုင်းပေးဖို့၊စစ်ကောင်စီအတွက် ထွက်ပေါက်တစ်ခုအဖြစ်အသုံးချဖို့ အခေါ်ခံ၇ခြင်းဖြစ်တယ်လို့အဲလိုပဲပြောချင်ပါတယ်"ဟု ၎င်းက ပြောသည်။

ယင်းအပြင်မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခများပြင်းထန်နေချိန်တွင် ယခုကဲ့သို့ ဖိတ်ခေါ်ခြင်းသည်မြန်မာနိုင်ငံအတွက် မည်သည့်အထောက်အကူမျှ ဖြစ်လာနိုင် စရာအကြောင်း မရှိဟုလည်းဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့သွားခဲ့သည့် မြန်မာ့နိုင်ငံရေးပါတီ၄ ခုမှာ ရခိုင်မှ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ပြည်မဘက်မှ ဦးခင်ရီဦးဆောင်သောပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီ(PP)နှင့် စိုင်းအိုက်ပေါင်းဦးဆောင်သောရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)တို့ဖြစ်ကြသည်

တရုတ်နိုင်ငံတွင်၈ ရက်တာကြာမြင့်ခဲ့သည့်အဆိုပါပါတီများမှ ကိုယ်စားလှယ်များသည် ယမန်နေ့ ဇူလိုင်လ ၂၇ ရက်၊ နေ့လယ် ၂ နာရီတွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့်ပြန်လည်ရောက်ရှိခဲ့ကြသည်။

ယခုခရီးစဥ်တွင်USDP ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းဦးဆောင်သောအဖွဲ့ဝင် (၉)ဦး၊ AFP ပါတီမှ ဥက္ကဋ္ဌဒေါက်တာအေးမောင်အပါအဝင် ၃ ဦး၊ပြည်သူ့ပါတီမှ ဥက္ကဋ္ဌဦးကိုကိုကြီး အပါအဝင်၃ ဦးနှင့် SNDP ပါတီမှတွဲဘက်အတွင်းရေးမှူး စိုင်းအောင်မြင့်ခိုင်အပါအဝင်၃ ဦးတို့ လိုက်ပါသွားခဲ့ကြသည်။

အလားတူစစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင်ဦးကိုကိုလွင်လည်း လိုက်ပါသွားခဲ့သည်ဟု သိရသည်။

တရုတ်ကွန်မြူနစ်ပါတီသည် စစ်ကောင်စီထံတွင်မှတ်ပုံတင်ထားသည့်နိုင်ငံရေးပါတီများအနက် စစ်ကောင်စီနှင့် နီးစပ်သည့် ယခုပါတီ ၄ ခုကို ဇူလိုင်လ ၈ ရက်က ရွေးချယ် ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်၊ ညနေ ၃ နာရီကျော်တွင်ရန်ကုန်လေဆိပ်မှတဆင့် တရုတ်သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ကြခြင်းဖြစ်သည်။

ယခုခရီးစဥ်သည် ဇူလိုင်လ ၂၀ ရက်မှ ၂၇ ရက်အထိ ကြာမြင့်ခဲ့ပြီး ခရီးစဥ်အတွင်း ကုန်ကျစရိတ်များကိုလည်း တရုတ်နိုင်ငံဘက်မှ ကျခံခဲ့သည်ဟု သိရသည်။

ယခုခရီးစဉ်အတွင်းကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆောင်ရွက်နေမှု အခြေအနေ၊ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊တရုတ်-ကူမင်းသွင်းကုန် ပို့ကုန် ကုန်စည်ပြပွဲ၊တိုင်းရင်းသားလူမျိုးများနှင့် မျိုးနွယ်စုဆိုင်ရာ မူဝါဒချမှတ်မှု ဆိုင်ရာဆွေးနွေးပွဲ၊ ယူနန်ပြည်နယ် မဟာဓာတ်အားလိုင်း ကွန်ရက်တည်ဆောက်နေမှု အခြေအနေနှင့်တရုတ်ကွန်မြူနစ်ပါတီ၏ ပြတိုက်တို့အားကြည့်ရှုလေ့လာခဲ့ကြပြီး တရုတ်နိုင်ငံ၏ယဥ်ကျေးမှုဓလေ့ထုံးစဥ်များအပါအဝင်အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြသည်ဟု စစ်ကောင်စီပိုင် MRTV သတင်းက ယမန်နေ့ညတွင် ကြေညာသွားခဲ့သည်။

ယခုခရီးစဥ်နှင့်ပတ်သက်ပြီးခရီးစဥ်အတွင်း လိုက်ပါသွားခဲ့သည့် AFPပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကိုဆက်သွယ်သော်လည်း ဆက်သွယ်မ၇သေးပါ။

ပြီးခဲ့သည်ဇူလိုင် ၆ ရက်ကလည်း စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သလိုဇွန်လကုန်ကလည်း သမ္မတဟောင်း ဦးသိန်းစိန်ကိုတရုတ်အစိုး၇က ဖိတ်ကြားတွေ့ဆုံခဲ့သေးသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.