သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ချင်းညီနောင်မှ ချင်းပြည်အတွင်း မြို့လေးမြို့ကို ထိန်းချုပ်ထားပြီး တပြည်နယ်လုံး စစ်ကောင်စီကင်း စင်ရေးလုပ်ဆောင်သွားမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

လူထက်နိုင်( ဒွါယာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၃၀ / ၂၀၂၄

ချင်းပြည်အတွင်း ချင်းညီနောင် မှ မြို့လေးမြို့ကို ထိန်းချုပ်ထားပြီး တပြည်နယ်လုံး စစ်ကောင်စီ ကင်းစင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်တွင်ပါဝင်သည့် CDF Matupi တပ်မဟာ (၁) မှပြန်ကြားရေးတာဝန်ခံ က နိရဉ္စရာသတင်းဌာန ကိုပြောသည်။

“စစ်သုံ့ပန်း ၁၀၀ ကျော်ကို မင်းတပ် မတူပီ နယ်စပ်မှာ ဖမ်းထားပါတယ်။  စစ်သုံ့ပန်းဥပဒေနဲ့အညီ ဆက်လက် စောင့်ရှောက်လို့ ရှိပါတယ်။ မတူပီ မြို့နယ်တစ်ခုလုံးက စစ်ကောင်စီ ကင်းစင်နယ် ဖြစ်သွားပါပြီ။ စစ်ရေးအရကော၊ အုပ်ချုပ်ရေးအရကော ဒေသခံ ကာကွယ်ရေးတပ်တွေ ချင်းညီနောင် နဲ့ မဟာမိတ်တွေက ထိန်းချုပ်ထားပါပြီ” ဟု ၎င်းမှပြောသည်။

ချင်းညီနောင် အနေဖြင့် Operation CB စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်ရန်ရှိပြီး ချင်းပြည်တွင် စစ်ကောင်စီ ကင်းစင်ရန် ဆက်လက်ကြိုး ပမ်းနေကြသည်ဟု ပြန်ကြားရေးတာဝန်ခံ မှဆက်ပြောသည်။

“ ချင်းညီနောင် ထိန်းချုပ်ထားတဲ့ မြို့ဆိုရင်ချင်းပြည်နယ်အထဲမှာ မတူပီ (မြို့နယ်အဆင့်)၊ ကျင်ဒွေး၊ မကွီ အိမ်နူး၊ လိုင်လင်းပီမြို့တွေက CB အနေနဲ့ ထိန်းချုပ်ပြီးပါ။ နောက်ထပ် ချင်းပြည်က မြို့တွေလည်း ဆက်လက် ထိုးစစ်ဆင် သိမ်းပိုက်ဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ မတူပီမြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးနေကြသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်(၁၂၀)ခန့်ကို လက်နက်ခဲယမ်းများနဲ့အတူ ထပ်မံဖမ်းဆီးရမိကြောင်း ဇူလိုင် ၂၈ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များသည် ပူးတွဲစစ်ဆင်ရေးတစ်ရပ်အဖြစ် ချင်းပြည်နယ် မတူပီမြို့ ရှိ ခမရ (၃၀၄)၊ ခလရ (၁၄၀) နှင့် မတူပီအခြေချစစ်ဗျူဟာတို့ကို ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ၎င်းစခန်းများကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရ သည်။

မတူမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်တပ်ဖွဲ့နှင့် အတူ အာရက္ခတပ်တော်နှင့် ယောကာကွယ်ရေး တပ်ဖွဲ့များမှ အတူလက်တွဲ တိုက်ပွဲဝင်လျက်ရှိသည်။

ဆက်စပ် သတင်းများ