လူထက်နိုင်(ဒွါရာမြီ)
နိရဥ္စရာ၊ သြဂုတ် ၅ / ၂၀၂၄
မြန်မာစစ်တပ်ကိုစစ်ကူပေးရန် စစ်ဗိုလ်အငြိမ်းစားများဖြင့်ဖွဲ့စည်းထားသည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ကရုရှားနိုင်ငံကို တောင်းဆိုခဲ့ကြောင်း ရုရှားသတင်းဌာန Sputnik က ယမန်နေ့ သြဂုတ်လ ၄ ရက်တွင် ဖော်ပြသည်။
ရုရှားနိုင်ငံပိုင်Sputnik သတင်းဌာနနှင့် USDP ဥက္ကဋ္ဌ ဦးခင်ရီတို့ မြန်မာ့အရေးနှင့်ပတ်သက်၍ဇူလိုင်လ ၃၀ ရက်က နေပြည် တော်၌ တွေ့ဆုံခဲ့စဥ် မြန်မာနိုင်ငံအတွင်းတော်လှန်ရေးတပ်များထံ တပ်စခန်းများနှင့် မြို့များ လက်လွှတ်ရှုံးဆုံးနေရသော အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်ကို စစ်ကူပေးရန် ဦးခင်ရီက တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ဦးခင်ရီက“ကျွန်တော်တို့ လိုချင်တဲ့ အဓိက ပံ့ပိုးမှုကတော့ ရုရှားနိုင်ငံအနေနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ပြည်တွင်းနိုင်ငံရေး ငြင်းခုံမှုတွေ မဟုတ်ဘဲ အကြမ်းဖက်ဝါဒလို့ ရှုမြင်ရမှာ ဖြစ်ပါတယ်။ ဒါကိုအကြမ်းဖက်ဝါဒအဖြစ် အသိအမှတ်မပြုရင် အကြမ်းဖက်တိုက်ဖျက်ရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ဌာနဆိုင်ရာတွေနဲ့ အေဂျင်စီတွေက ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ပန်းတိုင်ကိုအရောက်လှမ်းနိုင်မှာပါ” ဟု ပြောဆိုခဲ့ကြောင်း Sputnik သတင်းတွင်ဖော်ပြထားသည်။
လက်ရှိကိုးကန့်တိုင်းရင်းသားတပ်မတော်နှင့်မဟာမိတ်တပ်ဖွဲ့တို့၏ ထိုးစစ်ကြောင့် ရှမ်းပြည်နယ်လားရှိုးရှိအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်လိုက်ရချိန် ရခိုင်တွင်လည်း အေအေထံစစ်ရှုံးပြီး တစ်မြို့ပြီးတစ်မြို့စွန့်လွှတ်နေရချိန်တွင် အင်အားချိနဲ့နေသည့်စစ်ကောင်စီကို ရုရှားနိုင်ငံကစစ်ကူပေးရန် ဦးခင်ရီက လူသိရှင်ကြားမေတ္တာရပ်ခံတောင်းဆိုလိုက်ခြင်းလည်းဖြစ်သည်။
ဦးခင်ရီသည်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ရဲချုပ်အဖြစ် တာဝန်ယူဖူးသူဖြစ်ပြီး ၂၀၁၀ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့သည်။
USDP ပါတီခေါင်းဆောင်ပိုင်းအား၂၀၂၂ ခုနှစ် နှစ်ကုန် အပြောင်းအလဲလုပ်ချိန် ဗိုလ်ချုပ်ဟောင်း ဦးသန်းဌေးပါတီခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခံရပြီး ဦးခင်ရီကပါတီဥက္ကဋ္ဌဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဦးခင်ရီသည်ဇူလိုင် ၃၀ ရက်၊ နံနက် ၁၀ နာရီကလည်းတွင် ရုရှားနိုင်ငံမှ နိုင်ငံတကာသတင်းအေဂျင်စီ Rossiya Segodyna ၏ ကိုယ်စားဂျာကာတာမြို့အခြေစိုက် အာဆီယံသတင်းထောက် (Asean Correspondent) ဖြစ်သူ UlianaMiroshkina အားနေပြည်တော်ရှိ ပါတီဌာနချုပ်တွင် လက်ခံတွေ့ဆုံခဲ့ပြီး အဆိုပါသတင်းထောက်မေးမြန်းသောမေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည်။
ထို့အပြင်ဦးခင်ရီသည် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool ၏ အကြံပေး Mr.Vitality Solonetskiy နှင့်ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy အားလည်း ဇူလိုင်လ ၂၉ ရက်၊ နံနက် ၁၁ နာရီတွင်ပါတီဌာနချုပ်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ဓာတ်ပုံ- ဇူလိုင်၂၉ ရက်တွင် နေပြည်တော်၌ ဒူးမားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဦးခင်ရီတွေ့ဆုံခဲ့စဉ်။ (Photo- USDP)