စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

(၂၀၀၈ ခြေဥကို ဖျက်သိမ်းပြီး နိုင်ငံရေးလောကမှ စစ်တပ်နုတ်မထွက်သရွေ့ မည်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုမှ အထမမြောက်နိုင်ဟုဆို)

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဩဂုတ် ၂၂/၂၀၂၄

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့၏တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ဩဂုတ်လ (၂၁) ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ စစ်ကောင်စီမှ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များတက်ရောက်ခဲ့ပြီး နိုင်ငံရေးပါတီဖက်မှ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် အလုပ်အဖွဲ့ ကိုယ်စားလှယ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်ဟု စစ်ကောင်စီက ယနေ့ သြဂုတ်လ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

တွေ့ဆုံရာတွင် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့က ဆွေးနွေးလိုသည့်အချက်များကို အဆိုပြုတင်ပြကြပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ညှိနှိုင်းရေးကော်မတီဘက်မှ ဆွေးနွေးလိုသည့်အချက်များကို အဆိုပြုဆွေးနွေးခဲ့ကြောင်း သိရသည်။



ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက်များနှင့် ပတ်သက်ပြီး ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် အချက်များနှင့် နှစ်ဖက် အဆိုပြုချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြကြောင်း သိရသည်။

စစ်ကောင်စီက ထိုကဲ့သို့ ဆွေးနွေးနေသော်လည်း လက်တွေ့တွင် အလုပ်မဖြစ်သည့်အပြင် မြန်မာပြည်ငြိမ်းချမ်းရေးအတွက်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး နိုင်ငံရေးလောကမှ စစ်ကောင်စီထွက်သွားရန် လိုသည်ဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

"ပါတီနိုင်ငံရေးနဲ့ ဆက်သွားလို့မရတော့ဘူး။ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရမယ့် အခြေအနေမျိုးရှိသွားပြီ။ လက်တွေ့မှာ အဲဒါကို လုပ်မယ်ဆိုရင်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီးတော့ တပ်မတော်က နိုင်ငံရေးလောကထဲက ထွက်သွားဖို့ပေါ့။ အဲဒီ ကတိစကားခံဝန်ချက်မပါရင် တစ်ယောက်မှ ဆွေးနွေးမှာမဟုတ်ဘူး။ အဲလိုပြောဖို့ တပ်‌မတော်မှာ တာဝန်ရှိတယ်။ မပြောနိုင်ဘူးဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတော်ဟာ အထမြောက်စရာမရှိဘူး။ ရုပ်ပြပဲ ဖြစ်လိမ့်မယ်" ဟု ပြောသည်။

ယင်းဆွေးနွေးပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြောင်းလည်း သိရသည်။

ယင်းတွေ့ဆုံမှုကို ယနေ့ သြဂုတ် (၂၂) ရက်‌တွင်လည်း ဆက်လက်ကျင်းပခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - စစ်ကောင်စီ

ဆက်စပ် သတင်းများ