အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မြန်မာ့အရေး ရှုပ်ထွေး၍ စိန်ခေါ်မှုရှိဟု ကုလအထူးကိုယ်စားလှယ်ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 288

(မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံထက် ပိုလိုလားသောနိုင်ငံမရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော)

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၂၃/၂၀၂၄

မြန်မာ့အရေးသည် ရှုပ်ထွေး၍ စိန်ခေါ်မှုရှိသည်ဟု ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Julie Bishop က ပြောဆိုလိုက်ကြောင်း သိရသည်။

သြဂုတ်လ ၂၀ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယမန်နေ့ သြဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Julie Bishop က "မြန်မာနိုင်ငံအရေးကိစ္စသည် ရှုပ်ထွေး၍ စိန်ခေါ်မှုရှိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးကြီး အိမ်နီးချင်းနိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် တမူထူးခြားသော အကျိုးသက်ရောက်မှု ရှိကြောင်း၊ တရုတ်နိုင်ငံ၊ အာဆီယံတို့နှင့်အတူ နီးကပ်စွာဆက်ဆံကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ မြန်မာနိုင်ငံအရေးကိစ္စကို ကောင်းမွန်စွာဖြေရှင်းနိုင်မည့် သဘောတူညီချက်ကို ကြိုးပမ်းဖော်ဆောင်ပြီး ပဋိပက္ခကို ဆောလျင်စွာအဆုံးသတ်ကာ လူသားချင်းစာနာ ထောက်ထားမှုအခြေအနေကို ပြေလျော့စေခြင်းဖြင့် မြန်မာပြည်သူများက ဦးဆောင်သည့် ရေရှည်ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဖော်ဆောင်သွားရန်လိုကြောင်း" ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ကလည်း "တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံထက် ပိုလိုလားသောနိုင်ငံမရှိကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နိုင်ငံတစ်သားတည်းဖြစ်မှုနှင့် နယ်မြေ တည်တံ့မှုကို ခိုင်မာစွာလေးစားကြောင်း၊ ပြည်တွင်းရေးကို မစွက်ဖက်ခြင်းနှင့် မြန်မာပြည်သူများကပိုင်ဆိုင်၍ မြန်မာပြည်သူများဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခိုင်အမာလိုက်နာကြောင်း၊ အာဆီယံက အဓိကလမ်းကြောင်းအဖြစ် အခန်းကဏ္ဍမှပါဝင်မှုကို ထောက်ခံအားပေးကြောင်း၊ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ ဘုံသေဘာတူညီချက် ၅ ရပ်နှင့် မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အသစ်တို့ အပြန်အလှန်ကူညီမြှင့်တင်၍ ထိရောက်စွာဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း" ပြောကြားခဲ့သည်ဟု သိရသည်။


ဆက်လက်ပြီး Mr. Wang Yi က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်၏ အခန်းကဏ္ဍမှာ တမူထူးခြား၍ အရေးကြီးတာဝန်ကို ထမ်းဆောင်နေရကြောင်း၊ အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံ၏ ထူးခြားသော နိုင်ငံအခြေအနေနှင့် မြန်မာနိုင်ငံအရေးကိစ္စ၏ ဖြစ်ကြောင်းကုန်စင်ကို နက်ရှိုင်းစွာလေ့လာပြီး တရားမျှတ၍ ပကတိဖြစ်သည့်ရပ်တည်ချက်ကိုအရင်းခံကာ ဘက်အသီးသီးနှင့်ဆက်ဆံရေးကို ဟန်ချက်ညီစွာဖြေရှင်း၍ မြန်မာနိုင်ငံပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက် မြန်မာနိုင်ငံက သဘောထားကွဲလွဲမှုကို ပေါင်းစပ်နိုင်မည့် ထိရောက်သည့်နည်းလမ်းကို ကူညီရှာဖွေပေးရန် မျှော်လင့်ပါကြောင်း၊ အထူးသံတမန် တာဝန်ထမ်းဆောင်ရန်အတွက် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးရန်ဆန္ဒရှိကာ မြန်မာနိုင်ငံ နိုင်ငံရေးပြန်လည်သင့်မြတ်မှုနှင့် ရေရှည်တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်းလည်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ ပေကျင်းမြို့သို့ သြဂုတ် ၂၀ ရက်မှ ၂၁ ရက်အထိ နှစ်ရက်ကြာရောက်ရှိခဲ့သည့် ကုလအထူးကိုယ်စားလှယ် Ms. Julie Bishop သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနှင့်လည်း တွေ့ဆုံခဲ့သေးသည်။

Ms. Julie Bishop သည် ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့သည့် ဧပြီလအစောပိုင်းက ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာအထူးကိုယ်စားလှယ် Julie Bishop သည် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ၀မ်ရိအပြင်၊ တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် ပါတွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကိုလေးစားပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် မည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ပြောရေးဆိုခွင့်ရှိသူက သြဂုတ်(၂၂)ရက် ကပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် နယ်မြေစိုးမိုးရေးကို လေးစားပြီး၊ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန်နှင့် မြန်မာပိုင်နှင့် မြန်မာကဦးဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကတိကဝတ် ပြုထားကြောင်းနိုင်ငံခြားရေးဝန်ကြီး မှ ပြောရေးဆိုခွင့်ရှိသူ Mao Ning က ေပြာကြားခဲ့သည်။

ဓာတ်ပုံ - ကုလအထူးကိုယ်စားလှယ် Ms. Julie Bishop နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi တို့ သြဂုတ်လ ၂၀ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံခဲ့စဥ်။ (Photo-မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ဆက်စပ် သတင်းများ