သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် ရက်ပိုင်းအတွင်း မုန်တိုင်းငယ်တစ်လုံးဖြစ်လာနိုင်ဟု မိုး/ဇလပညာရှင်များ သတိပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 428

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၂၅/၂၀၂၄

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း မုန်တိုင်းငယ်တစ်လုံး ဖြစ်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင်များက သတိပေးထားသည်။

ယနေ့ သြဂုတ် ၂၅ ရက်မှ ၃၁ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် မုန်တိုင်းငယ် တစ်လုံးဖြစ်ပေါ်လာနိုင်သည်ဟု မိုး/ဇလပညာရှင် Su Su San က သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

"မုန်တိုင်းငယ်သတိ - ၂၀၂၄ သြဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းမှာ Monsoon Low System. မုန်တိုင်းငယ်တစ်လုံး ဖြစ်ပေါ် လာနိုင်ပါတယ်" ဟု သြဂုတ်လ ၂၄ ရက်တွင် ရေးသားထားသည်။

အလားတူ စစ်ကောင်စီ၏ မိုး/ဇလဌာနကလည်း ယနေ့ နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် နောက် (၂၄) နာရီအတွင်း လေဖိအားနည်း ရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။



မိုး/ဇလပညာရှင် ဦးဝင်းနိုင်ကလည်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ် စပ်ကမ်းခြေ အနီးတွင် လေဖိအားနည်းရပ်ဝန်းအသစ်တစ်ခု ထပ်မံဖြစ်ပေါ်နေသည်ဟု သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် သြဂုတ် ၂၃ ရက်က ရေးသားထားသည်။

"အသစ်ထပ်မံဖြစ်ပေါ်တဲ့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းကို ရွေ့လျားလာနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ မြောက်ပိုင်း ဆက်စပ်ရာ ပင်လယ်ပြင်မှာ ဩဂုတ် ၂၉-၃၀-၃၁ ရက်ခန့်တွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာနိုင်ကြောင်း ကနဦးကြိုတင်ခန့်မှန်းချက်များမှာ တွေ့ရပါတယ်"ဟု ရေးသားထားသည်။

ယခုလို ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လာသည့် ထူးခြားမိုးလေဝသ အခြေအနေ များကြောင့် မြန်မာနိုင်ငံတဝှမ်းလုံးတွင် ဩဂုတ်လကုန်ရက်များအတွင်း မိုးအားကောင်း လာနိုင်ပြီး နေရာကွက်၍ မိုးကြီးမှုများ ဖြစ်လာနိုင်သည်ဟု ဆိုသည်။

ယင်းကြောင့် ရေနှင့်ပတ်သက်သည့် သဘာဝဘေးများထပ်မံဖြစ်ပေါ်နိုင်မည့် အခြေအနေ အတွက် မြစ်ချောင်းကမ်းအနီး မြေနိမ့်ပိုင်းဒေသများတွင်နေထိုင်သူများ သတိပြုကြရန်လည်း ဦးဝင်းနိုင်က သတိပေးထားသည်။

ဓာတ်ပုံ - ဘင်္ဂလားပင်လယ်အော်တစ်နေရာအား တွေ့ရစဥ်

ဆက်စပ် သတင်းများ