သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ကရင်နီဆေးတပ်သားရဲဘော် ၁၈ ဦး လေ့ကျင့်ရေးမစ်ရှင်အတွင်း ရေစီးနှင့်မျောပါသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 621

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၃/ ၂၀၂၄

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၏ ဆေးတပ်သားရဲဘော် ၁၈ ဦးသည် လေ့ကျင့်ရေးမစ်ရှင်တစ်ခုအတွင်း မတော်တဆဖြစ်ကာ ရေစီးနှင့်မျောပါကျဆုံးသွားသည်ဟု KNDF က ယနေ့ စက်တင်ဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

KNDF ၏ ဆေးဌာနက ကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်းတွင် သင်ခန်းစာမစ်ရှင် လေ့ကျင့်ခြင်း ပြုလုပ်နေစဥ် ချောင်းတစ်ခုကိုဖြတ်ကျော်ရန် ကြိုးစားရာ၌ ရာဂီမုန်တိုင်း အရှိန်ကြောင့် စက်တင်ဘာလ ၁၁ ရက်၊ ညနေက မတော်တဆ ဖြစ်ပွား၍ ရေစီးနှင့်မျောပါ အသက်ဆုံးရှုံးရခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါဆေးသင်တန်းသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် တပ်ပေါင်းစုံတို့၏ လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ထိုသင်တန်းမှ ဆေးတပ်သားများ တိုးပွားလာစေရန် ရည်ရွယ်ခဲ့သည်ဟု KNDF က ဆိုသည်။

"သို့သော် ယခုကဲ့သို့ မတော်တဆဖြစ်စဉ် ဖြစ်ပေါ်လာခဲ့ပြီး ဆေးသင်တန်းသား (၁၈)ဦး ဆုံးရှုံးခဲ့ရသည့်အပေါ်  မိမိတို့ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) အနေဖြင့် သက်ဆိုင်ရာမိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ များစွာဝမ်း နည်းကြေကွဲရပါသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုမတော်တဆဖြစ်စဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုအနေဖြင့် လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များနှင့် မိဘပြည်သူများကို ထုတ်ပြန်အသိပေးသွားမည်ဟုလည်း ဖော်ပြထားသည်။

Photo - Karenni People Voice

ဆက်စပ် သတင်းများ