စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ရှမ်းနှင့် မန္တလေးတိုင်းရှိ စစ်ရှောင်ပြည်သူများအား Mandalay – PDF ကူညီနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 66

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၀/ ၂၀၂၄

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အပါအဝင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် မတ္တရာမြို့နယ်များရှိ စစ်ရှောင်ပြည်သူများကို ဆန်နှင့် စားနပ်ရိက္ခာများကူညီနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) Mandalay – PDF ပြန်ကြားရေး တာဝန်ခံက နိရဉ္စရာသို့ ပြောသည်။

“နောင်ချိုမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ မိုးကုတ်မြို့နယ်နဲ့ မတ္တရာမြို့နယ်မှာရှိတဲ့ စစ်ရှောင် ပြည်သူတွေကို တတ်နိုင်သလောက် ဆန်နှင့် စားနပ်ရိက္ခာ လှူဒါန်းတာမျိုးရှိပါတယ်” ဟုပြောသည်။

Mandalay – PDF သည် “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ဘေးရှောင်ခဲ့ရသော မိုးကုတ်မြို့နယ်ရှိ ကျေးရွာများအား ဆန်အိတ်အပိုင်း(၅၀၀)နှင့် ငွေသား ကျပ်သိန်း(၁၅၀)မတည် လှူဒါန်းခဲ့ကြောင်းလည်း စက်တင်ဘာ ၂၀ ရက်ကထုတ်ပြန်ထားသည်



မိုးကုတ်မြို့နယ်ရှိ အထက်ညောင်ကုန်းကျေးရွာ၊ အောက်ညောင်ကုန်းကျေးရွာ၊ ဖြူရောင် ကျေးရွာ၊ ကျောက်တလုံးကျေးရွာနှင့် လွယ်မွန်းကျေးရွာတို့မှ ပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် ဆန်(၁)အိတ်နှင့် ငွေသား(၅၀၀၀၀)ကျပ်နှုန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့အပြင် Mandalay – PDF သည် သပိတ်ကျင်းမြို့နယ်၊ ကွင်း(၅၀၀)တွင် အခြေပြု လှုပ်ရှား လျက်ရှိသော စစ်ကောင်စီတပ်စခန်းကို ဩဂုတ်လ (၂၅)ရက်တွင် အပြီးသတ် သိမ်းပိုက် ရရှိရခဲ့သည်။

လက်ရှိတွင် မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ၏ ဗျူဟာမြောက် တပ်စခန်းများအပါအဝင် စခန်းငယ်များအားလုံး စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးတာဝန်ခံက “အာဏာရှင်ကျဆုံးရေးအတွက် ဘယ်တော်လှန်ရေး တပ်ဖွဲ့တွေနဲ့မဆို ပူးပေါင်း ဆောင်ရွက်သွားဖို့ရှိပါ။ လက်ရှိအချိန်မှာတော့ ရှမ်းမြောက်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ အဓိကလက်တွဲပြီး တိုက်ပွဲဝင်နေတာဖြစ်ပါတယ်”ဟု ပြောသည်။



ကွင်း(၅၀၀)တပ်စခန်းရှိ ဗိုလ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးသော စစ်ကောင်စီ အင်အား (၄၀၀)ခန့်အား Mandalay – PDF သည် ဩဂုတ်လ (၅)ရက်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရက်ပေါင်း(၂၀)ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။

ကွင်း(၅၀၀)တပ်စခန်းမှ ရန်သူ့လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ