စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကို တင်းကျပ်စွာကိုင်တွယ်ရန် ထိုင်း အရပ်ဘက်အဖွဲ့အချို့က တောင်းဆိုပြီးနောက် အာဏာပိုင်များက ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီး စစ်ဆေးမှု ပိုလုပ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 553

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၄/၂၀၂၄

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းဥပဒေပါအတိုင်း တင်းကျပ်စွာကိုင်တွယ်ရန် ထိုင်း အရပ်ဘက်အဖွဲ့အချို့က တောင်းဆိုပြီးနောက် အာဏာပိုင်များက ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထား ဖမ်းဆီး စစ်ဆေးမှု ပိုလုပ်လာသည်ဟု သိရသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေထိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းရဲတပ်ဖွဲ့က အထောက်အထားများပြည့်စုံမှုရှိ/မရှိ နေ့ရော၊ ညပါ တင်းကြပ်စစ်ဆေးလာနေပြီး အထောက်အထားမပြည့်စုံပါက ဖမ်းဆီးခြင်းများကို ယခုနောက်ပိုင်း ခပ်စိပ်စိပ်လုပ်လာနေကြောင်း သိရသည်။

ချင်းမိုင်မြို့မှ ရွှေ့ပြောင်းလုပ်သားရခိုင်အမျိုးသမီးတစ်ဦးက "တစ်ခါတစ်လေ ကျမတို့နေတဲ့တိုက်ခန်း အဆောင်တွေကို ရဲတွေလာစစ်တာတို့ မကြာမကြာရှိတယ်။ ကျမသိသမျှအသိမိတ်ဆွေတွေနေတဲ့နေရာတချို့မှာလည်း ရဲတွေက အထောက်အထားလာစစ်တာရှိတယ်။ အရင်တုန်းက ချင်းမိုင်မှာ ဒီလိုဖြစ်တာ သိပ်မရှိဘူး။ အခုနောက်ပိုင်း အဖမ်းအဆီးတွေများလာတော့ မလုံခြုံတော့သလိုခံစားရတယ်"ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

ယခုနောက်ပိုင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများကို နိုင်ငံခြားသားလုပ်သားများနှင့်ပတ်သက်သည့် ထိုင်းဥပဒေများပါ အချက်များအတိုင်း တင်းကျပ်စွာကိုင်တွယ်ရန်အချက်အပါအဝင် အချက်အချို့ပါသည့် တောင်းဆိုစာကို ထိုင်းနိုင်ငံသား အရပ်ဘက်အဖွဲ့အစည်းတချို့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို မကြာသေးခင်က ပေးပို့တောင်းဆိုထားသည်ဟု ထိုင်းရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

တောင်းဆိုချက်ထဲတွင် ကလေးအခွင့်အရေးဆိုင်ရာ သဘောတူညီချက်များကို ရုတ်သိမ်းပြီး ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များကို ကူညီခြင်းများအား ပြန်သုံးသပ်ရန်၊ အလုပ်လုပ်ခွင့်ပါမစ် တစ်ကြိမ်ကို ရက် (၉၀) သာပေးပြီး ရက်ပြည့်လျှင် လူဝင်မှုကြီးကြပ်ရေးအစီအစဉ်ဖြင့် မိခင်နိုင်ငံသို့ ပြန်ပို့ရန်၊ မိခင်နိုင်ငံတွင် ရက်ပေါင်း ၃၀ စောင့်ပြီးမှသာ အလုပ်လုပ်ခွင့်ပါမစ်သက်တမ်း ရက်(၉၀)ကို ပြန်လျှောက်ရန် စသည့် အချက်များ ပါဝင်သည်ဟု သိရသည်။

အလားတူ ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်ဝန်ရှိပြီဟု ယူဆလျှင်လည်း မိခင်နိုင်ငံတွင်သာ ပြန်မွေးဖွားပြီးမှသာ လာရောက်အလုပ်လုပ်ကိုင်ရန်၊ ပြစ်ဒဏ်ကျူးလွန်သည့် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံသားများကို ချမှတ်သည့်ပြစ်ဒဏ်အတိုင်း ခံစားစေပြီး လွတ်မြောက်လာလျှင်လည်း ပြည်ဝင်ခွင့် လုံးဝပိတ်ရန် စသည့်အချက်များလည်း ပါဝင်သည်ဟု သိရသည်။

ယင်းအပြင် နိုင်ငံရေး မတည်ငြိမ်၍ ထွက်ပြေးတိမ်းရှောင်လာသူများကိုလည်း အစိုးရ၏ စောင့်ရှောက်မှုဖြင့် သတ်မှတ်ထားသည့် စခန်းများတွင်သာ ထားရန်၊ ထွက်ပြေးတိမ်းရှောင်လာသည့်အမျိုးသမီးများနှင့် ရွှေ့ပြောင်းအလုပ်သမားများကို ကိုယ်ဝန်ဆောင်ခွင့်မပြုရန်ကိုလည်း ထည့်သွင်း တောင်းဆိုထားသည်။

ထိုင်းနိုင်ငံသား အရပ်ဘက်အဖွဲ့အစည်းတချို့က ယခုကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်ပြီး ပြင်းပြင်းထန်ထန် တောင်းဆိုသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟုလည်း သိရသည်။

ယခုကဲ့သို့တောင်းဆိုပြီးနောက် ယခုလအတွင်း ထိုင်းအာဏာပိုင်များက ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီး စစ်ဆေးမှု ပိုလုပ်လာနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်တွင်လည်း ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင် အသီးအရွက်ဈေးထဲ၌ အထောက်အထားမရှိဟုဆိုကာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း ချန့်ဖိတ်ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ကော့ဖငန်းကျွန်းတွင် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်ခွင့်မရှိသော ဆံပင်ညှပ်သည့်အလုပ်ကို လုပ်ကိုင်နေပြီး အထောက်အထားလည်းမရှိဟုဆိုကာ မြန်မာနိုင်ငံသား ၁ ဦးကို စက်တင်ဘာလ ၁၅ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ယင်းအပြင် ဘန်ကောက်မြို့အနီးရှိ နွန်ထဘူရီပြည်နယ်တွင် အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းချနေသော မြန်မာအလုပ်သမား ၁၀ ဦးသည်လည်း အထောက်အထားမရှိ၍ဟုဆိုကာ စက်တင်ဘာ ၅ ရက်က ဖမ်းဆီးခံခဲ့ရသည်။

ဘန်ကောက်မြို့နှင့် မဲဆောက်မြို့တို့တွင် ဖွင့်လှစ်ထားသော မြန်မာဆိုင်များနှင့် မြန်မာများနေထိုင်သည့်အိမ်များကို ယခုရက်ပိုင်းအတွင်း ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးနေသဖြင့် ဆိုင်အချို့ပိတ်ထားရသည်ဟုလည်း ဆိုင်ဖွင့်ရောင်းချသူများထံမှ သိရသည်။

မဲဆောက်မြို့နေ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက "အားလုံးသတိနဲ့ နေရတယ်။ ဘယ်တော့လာစစ်မလဲပဲ ကြောက်နေရတာ။ သူတို့က သတင်းရတဲ့အိမ်တွေကိုလိုက်စစ်တာမျိုး။ ဈေးဆိုင်တွေလိုက်စစ်တယ်။ ဟိုတလောကတောင် ဈေးရောင်းတဲ့အသိတွေ အဖမ်းခံရတယ်"ဟုပြောသည်။

ယခုနောက်ပိုင်း မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် ထိုင်းအာဏာပိုင်များက တင်းကြပ်စစ်ဆေးဖမ်းဆီးလာသည့်အတွက် မြန်မာလူမျိုးများအနေဖြင့် ယခင်ကထက် အနေအထိုင်ဆင်ခြင်သင့်သည်ဟု ထောက်ပြပြောဆိုမှုများရှိကြသည်။

အလားတူ ထိုင်းအာဏာပိုင်များက သတ်မှတ်ထားသည့်ဥပဒေနှင့် စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်သင့်သည်ဟုလည်း ထိုင်းနိုင်ငံရှိ အမည်မဖော်လိုသည့် ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"ဘယ်လူမျိုးမဆို အခုအချိန်မှာ သူတို့ချမှတ်ထားတဲ့ဥပဒေရှိနေတာမို့ အတတ်နိုင်ဆုံးလိုက်နာသင့်တယ်။ တဖက်ကကြည့်ပြန်တော့လည်း ဒီမှာအလုပ်လာလုပ်တဲ့သူက မရှိလို့ အလုပ်လုပ်တဲ့သူတွေများပါတယ်။ သူတို့က မကြာမကြာစစ်ဆေးဖမ်းရင် မကုန်သင့်ဘဲ ပိုက်ဆံကုန်တယ်" ဟုပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း စစ်ရေးမငြိမ်သက်သည့်နေရာများမှ လူအများအပြားသည်  ထိုင်းနိုင်ငံကို ဝင်ရောက်ခိုလှုံလျက်ရှိကြသည်။

မကြာသေးခင်က ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများအား လမ်းဘေး၌ ဈေးရောင်းချခွင့်မပြုတော့ဟုလည်း ထိုင်းအာဏာပိုင်များက ကန့်သတ်ပိတ်ပင်ထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ ရှိနေသည်ဟုလည်း သိရသည်။

ဓာတ်ပုံ - ချင်းမိုင်မြို့မြင်ကွင်းအား တွေ့ရစဥ်။

ဆက်စပ် သတင်းများ