ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၂၄

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးကျဆုံးပြီး သုံ့ပန်း ၄၂ ဦးဖမ်းမိကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 114

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၂  / ၂၀၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးကျဆုံးပြီး သုံ့ပန်း ၄၂ ဦးဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း အောက်တိုဘာ ၁ ရက်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော် (SAF)  ဓာတ်ပုံများနှင့်အတူ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ (၃၀) ရက်နေ့တွင် ဘုတလင်မြို့နယ်၊ ကူတော်ရွာရှိ ရန်သူအခြေချစခန်းမှ ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းအား ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ် ပူးပေါင်းစစ်ကြောင်းမှ စောင့်ကြို၍ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဘက်က ထိုသို့ အကျအဆုံးများခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းစစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ULF စစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင် တပ်ရင်း-၂၀၊ ဘုတလင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဘုတလင်-ပကဖ) နှင့် Local Mobile တပ်ဖွဲ့များမှ ချေမှုန်းရေးအဖွဲ့များအဖြစ်ပါဝင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းပြင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ပြည်သူလွတ်မြောက်ရေး တပ်မတော်(PLA) ၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF) နှင့် 96 Soldiers တပ်ဖွဲ့တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။

ကျောင်းသားလက်ရုံးတပ်တော်သည် ဖိနှိပ်ခံလူထုနှင့် နိုင်ငံတော်သစ်ဆီသို့ ဦးလည်မသုန် ဆက်လက် ချီတက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်းဖြင့်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ