ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၂၄

အမေရိကန်တွင် အမြဲတမ်း နေထိုင်ခွင့်ရမည့် DV ကံစမ်းမဲ ယနေ့ညမှ စတင်လျှောက်ထားနိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 602

မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၂ /၂၀၂၄

၂ဝ၂၆ ခုနှစ်အတွက်ခေါ်ယူသည့် အမေရိကန်နိုင်ငံတွင် အမြဲတမ်း ပြောင်းရွှေ့နေထိုင်ခွင့်ရရှိမည့် Diversity Visa(DV)ကံစမ်းမဲကို ယနေ့ညမှစတင်ကာ လျှောက်ထားနိုင်ပြီဟု သိရသည်။

ယနေ့ အောက်တိုဘာလ ၂ ရက်(ဗုဒ္ဓဟူးနေ့) အမေရိကန်အရှေ့ပိုင်း စံတော်ချိန် မွန်းတည့် ၁၂ နာရီမှစပြီး နိုဝင်ဘာလ ၅ ရက်(အင်္ဂါနေ့)မွန်းတည့် ၁၂ နာရီအတွင်း အွန်လိုင်းမှစတင်လျှောက်ထားနိုင်ပြီဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန Diversity Visa Program အင်တာနက် ဝဘ်ဆိုက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

မြန်မာစံတော်ချိန်ဆိုလျှင် ယနေ့ အောက်တိုဘာလ ၂ ရက်၊ ည ၁၀ နာရီခွဲမှစတင်ကာ နိုဝင်ဘာလ ၅ ရက်၊ ည ၁၁ နာရီခွဲအတွင်း လျှောက်ထားရမည်ဖြစ်သည်။

အဆိုပါ DV ကံစမ်းမဲကို ယခုလင့် https://dvprogram.state.gov/ တွင် ဝင်ရောက် လျှောက်ထားနိုင်ပြီဖြစ်သည်။

မိမိကိုယ်တိုင်လျှောက်တတ်ပါက အခမဲ့လျှောက်နိုင်ပြီး မလျှောက်တတ်လျှင် အခကြေးငွေဖြင့်လျှောက်ပေးသည့် ဝန်ဆောင်မှုပေးသူများနှင့် ချိတ်ဆက်လျှောက်ထားနိုင်သည်။

အဆိုပါ DV ကံစမ်းမဲအစီအစဥ်သည် အမေရိကန်ပြည်ထောင်စုသို့ အမြဲတမ်း ပြောင်းရွှေ့နေထိုင်ခွင့်ပေးသည့် အစီအစဉ်ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်နှစ်လျှင်တစ်ကြိမ်စီ တရားဝင်ခေါ်ယူခြင်းဖြစ်သည်။

DV ကံစမ်းမဲပေါက်သူများကို အမေရိကန်အစိုးရက အမေရိကန်နိုင်ငံတွင် အမြဲတမ်း အခြေချနေထိုင်ခွင့်ရအောင် ခွင့်ပြုပေး၍ တစ်ကမ္ဘာလုံးက စိတ်ဝင်တစားလျှောက်ထားကြသည်ဟု သိရသည်။

ပထမဆုံးအကြိမ် DV လျှောက်ရန်ပြင်ဆင်နေသည့် ရခိုင်မှ အမျိုးသမီးငယ် မခိုင်ဆန်းဝင်းက "ကိုယ့်ရခိုင်ပြည်မှာ လုပ်စားရတာလည်း အဆင်မပြေဘူးလေ။ မိဘကိုပံ့ပေးဖို့ဆိုတာကလည်း ကိုယ့်မှာ ပညာအရည်အချင်းတစ်ခုခုရှိမှ လုပ်စားလို့အဆင်ပြေတာကိုး။ ဒီခေတ်အတိုင်းအတာနဲ့လေ။ ဒါကြောင့် DV ကိုလျှောက်မှာပါ။ ကံစမ်းမဲပေါက်ရင်လည်း အမေရိကန်ကိုသွားမယ်။ အဲဒီမှာ အလုပ်လုပ်ပြီး ပိုက်ဆံတွေစုမယ်"ဟု ပြောသည်။

DV ကံစမ်းမဲကို တစ်ကမ္ဘာလုံးမှ လျှောက်ထားသူများအနက် နှစ်စဉ် လူငါးသောင်းခွဲကိုသာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်သည်ဟုလည်း သိရသည်။

DV ကံစမ်းမဲလျှောက်ရန် အမည်၊ မွေးနေ့သက္ကရာဇ်၊ မွေးဖွားသည့်မြို့၊ နေရပ်လိပ်စာ၊ အီးမေးလ်၊ ဖုန်းနံပါတ်၊ ပညာအရည်အချင်း၊ အိမ်ထောင်ရေးအခြေအနေ၊ ၂"×၂" အဖြူနောက်ခံဓာတ်ပုံတို့ လိုအပ်သည်ဟု သိရသည်။

မိသားစုအလိုက်လျှောက်လျှင် မိသားစုဝင်တစ်ဦးချင်းစီ၏ အမည်၊ မွေးနေ့၊ မွေးရပ်၊ ၂"×၂" အဖြူနောက်ခံဓာတ်ပုံစသည်တို့တို့လိုအပ်သည်။

လျှောက်ထားရာတွင် လူတစ်ဦးလျှင် တစ်ကြိမ်သာ လျှောက်ခွင့်ရှိပြီး တစ်ကြိမ်ထက် ပိုလျှောက်ထားသူကို စာရင်းမှ ပယ်ချသည်ဟုလည်း သိရသည်။

လျှောက်ထားရန်စိတ်ဝင်စားသူများအနေဖြင့် လျှောက်ထားရန် အချက်အလက်အသေးစိတ်ကို https://travel.state.gov/content/travel/en/us-visas/immigrate/diversity-visa-program-entry/diversity-visa-instructions.html တွင်လည်း ဝင်ရောက်ကြည့်ရှု နိုင်သည်။ 

ဆက်စပ် သတင်းများ