စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

အာဆီယံ၊ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂနှင့် စစ်အစိုးရအတိုက်အခံများ ပါ၀င်ဆွေးနွေးသည့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အစည်းအဝေးကို အင်ဒိုနီးရှားက လက်ခံကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 69

ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၅၊ ၂၀၂၄


အာဆီယံ၊ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂနှင့် စစ်အစိုးရအတိုက်အခံများ ပါ၀င်ဆွေးနွေးကြသည့် မြန်မာ နိုင်ငံဆိုင်ရာ နိုင်ငံတကာ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ လျက်ရှိကြောင်း ရိုက်တာသတင်းသတင်းဖော်ပြချက်အရသိရသည်။

 

ဒေသတွင်းနိုင်ငံများက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်အဆုံးသတ်ရေးကို ကြိုးပမ်းလုပ်ဆောင်မှုမရှိဘဲ၊ ပျက်ကွက်နေသည့်အတွက်ကြောင့် ယခုလို နိုင်ငံတကာ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲနှင့် ပတ်သက်သည့် သတင်း အရင်းအမြစ်များတစ်ခုက ရိုက်တာသို့ အောက်တိုဘာ(၄)ရက်တွင်ပြောကြားခဲ့သည်။

 

အင်ဒိုနီးရှာနိုင်ငံကအိမ်ရှင်အဖြစ်၊ အောက်တိုဘာ(၄)ရက်နှင့်(၅)ရက်၊ (နှစ်ရက်) ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ၊ ဒေသတွင်း အစုအဖွဲ့ အာဆီယံ၊ ဥရောပ သမဂ္ဂနှင့် မြန်မာနိုင်ငံ အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG) တို့ တက်ရောက် ဆွေးနွေးကြ မည် ဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါ သတင်းရင်းမြစ် အရ သိရသည်။ အစည်းအဝေးတွင် NUGမှပါ၀င် ဆွေးနွေးရန်ရှိကြောင်း သံတမန်သတင်းရင်းမြစ် တစ်ခုက အတည်ပြုခဲ့သည်။

 

ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးတွင် ပါ၀င်တက်ရောက်လျက် ရှိနေသည်ဟု အခြားသတင်းရင်းမြစ် တစ်ခုကဆိုသည်။

 

 သို့ရာတွင် အစည်းအဝေးသို့ တက်ရောက်လာသူများ သို့မဟုတ် ဆွေးနွေးနေသည့် အကြောင်းအရာ များ၏ အသေးစိတ်ကိုမူသတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုခြင်း မရှိကြပေ ။

 

အဆိုပါအစည်းအဝေး ကျင်းပမှုနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Roy Soemirat က မြန်မာနိုင်ငံအကြပ်အတည်းနှင့်ပတ်သက်၍ အာဆီယံအထူးသံတမန်တို့အကြား ဆွေးနွေးပွဲပြုလုပ်ရန် အစီအစဉ်ရှိခဲ့ကြောင်း ပြောကြား ခဲ့သော်လည်း တက်ရောက်သူများနှင့် ဆွေးနွေးပွဲအတွက် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။

 

 မြန်မာစစ်အစိုးရ၊အင်ဒိုနီးရှား၊ ကုလသမဂ္ဂနှင့် EU ကိုယ်စားလှယ်များကလည်း အစည်းအဝေးနှင့်ပ တ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်း မရှိသလို NUG ၏ ပြောရေးဆိုခွင့်ရှိသူက လည်းမှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

 

လွန်ခဲ့သည့် သုံးနှစ်က ရေးဆွဲခဲ့သည့် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ် ကို ဆွေးနွေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ယခုအချိန်အထိ ပျက်ကွက်လျက်ရှိသည်။ အာဆီယံ ခေါင်းဆောင်များ တက်ရောက်ကြမည့် ထိပ်သီးအစည်းအဝေးကို လာအိုနိုင်ငံ၌ ကျင်းပရန် ရက်ပိုင်းအလိုတွင် ယခုကဲ့သို့ မြန်မာနိုင်ငံအကြပ်အတည်းနှင့်ပတ်သက်သည့် နိုင်ငံတကာ အစည်းအဝေး ကျင်းပခြင်းဖြစ်သည်။ Source/Reuters

ဆက်စပ် သတင်းများ