သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ထိုင်းနယ်စပ်ရှိ စစ်ကောင်စီအမြောက်ကုန်းတစ်ခုကို ကရင်တပ်မတော်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 83

နိရဉ္စရာ၊ အောက်တိုဘာ ၁၇/၂၀၂၄

ထိုင်း- မြန်မာနယ်စပ်ရှိ စစ်ကောင်စီနယ်ခြား စခန်းတစ်ခုဖြစ်သည့် လေးကေ့ကော်ရှိ စစ်ကောင်စီ၏ စွယ်တော်အမြောက်ကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များက အောက်တိုဘာလ ၁၇ နံနက်ပိုင်း သိမ်းပိုက်လိုက်ပြီဟု သတင်း ရရှိသည်။

၎င်းစခန်းအား ၄ လကျော်ကြာ အပြန်အလှန် တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်း ၅ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

“ ညီအစ်ကိုတွေစုံပြီဆို ဒီလိုလက်စွမ်းတွေပြတတ်ကြတယ်။ တောင်ပိုင်းမှာ စတင်တိုက်ပွဲ ဖော်ဆောင်ခဲ့တဲ့ ဒေသကို  ဒီနေ့ အဆုံးသတ်လိုက်ပါပြီ။  ကျွန်တော်တို့ ညီနောင်မဟာမိတ်တွေနဲ့ အတူ ပိတ်ဆို့တိုက်ခိုက်နေတဲ့ စွယ်တော်ကုန်းစခန်းကို ဒီနေ့မနက်မှာ အပြီးသတ် သိမ်းယူလိုက်ပြီဖြစ်ပါတယ်။ "လေးကေ့ကော်မြို့" ဟာ စကစ ကင်းစင်နယ်မြေ ဖြစ်သွားပြီဖြစ်ကြောင်း ဝမ်းသာစရာ သတင်းကောင်းလေးကို ပြည်သူများဆီ ပေးပို့အပ်ပါသည်ခင်ဗျာ” ဟု Cobra Column 2 VENOM က သူ၏ ပို့စ်တွင် ရေးသားဖော်ပြထားသည်။


ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့ တောင်ဘက်၊  KNU တပ်မဟာ ၆ နယ် မြေအတွင်းရှိ ၎င်းအမြောက်ကုန်း စခန်းတွင် စစ်ကောင်စီ၏ တပ်မ ၂၂ ၊တပ်မ ၄၄ အပြင် ကမ်းရိုးတန်းတိုင်း လက်အောက်ခံ တပ်ရင်းများ လာရောက်တပ်ထိုင်ထားသည့် စစ်စခန်းဖြစ်သည်ဟု ကရင်သတင်းစဉ် KIC တွင် သတင်းရေးဖော်ပြသည်။

ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်သားများသည် မေတ္တာလင်းမြိုင်ရွာဘက်သို့ နောက်ဆုတ်သွားသည်ဟု ဆိုသည်။

အဆိုပါ စခန်းမှ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ အများအပြား သိမ်းဆည်းရမိသည်ဟု သိရသည်။


ပုံစာ- စွယ်တော်ကုန်း အမြောက်ကြီးစခန်းမှ သိမ်းဆည်းရမိသော လက်နက်များ။

ဆက်စပ် သတင်းများ