(မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား၊ ကုမ္ပဏီများနှင့်အဖွဲ့အစည်းများသည် ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန်တိုက်တွန်း)
နိရဉ္စရာ၊ အောက်တိုဘာ ၂၁/ ၂၀၂၄
မြန်မာနိုင်ငံ ၊ မန္တလေးရှိ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးဗုံးခွဲတိုက်ခိုက်ခံရမှု အပေါ် တရုတ်နိုင်ငံက အကြီးအကျယ်တုန်လှုပ်မိကြောင်း၊ အဆိုပါလုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု The GlobalTimes ကဖော်ပြသည်။
အလားတူကိစ္စများ ထပ်မံမဖြစ်ပွားစေရန် မြန်မာနိုင်ငံရှိတရုတ်နိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ၊ အဖွဲ့အစည်းများ၊စီမံကိန်းများနှင့်ဝန်ထမ်းများ၏ လုံခြုံရေးအပေါ် ဘက်စုံမြှင့်တင် လုပ်ဆောင်ရန် ကိုလည်းတိုက်တွန်းထားသည်။
မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများကဒေသတွင်းလုံခြုံရေးအခြေအနေကို ဆက်လက်ဂရုပြုကြရန်နှင့် လုံခြုံရေးအစီအမံများမြှင့်တင်လုပ်ဆောင်ကာ ဘေးကင်းလုံခြုံရေး အတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန် တိုက်တွန်းထားကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။
အောက်တိုဘာလ(၁၈)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၅)နာရီဝန်းကျင်တွင် မန္တလေးမြို့ရှိ တရုတ် ကောင်စစ်ဝန်ချုပ်ရုံး၏လမ်းမဘက်ခြမ်းရှိ ရုံးအဆောင်တစ်ခုသည် ဖောက်ခွဲ တိုက်ခိုက်မှုခံခဲ့ရပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်းရုံးဆောင်အချို့တဝက် ပျက်စီးမှုဖြစ်ပွားခဲ့သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့က အရေးပေါ်တုံ့ပြန်မှု ယန္တရားကိုလျင်မြန်စွာစတင်ခဲ့ပြီးလျင်မြန်စွာ တုံ့ပြန်လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံဘက်သို့လေးနက်စွာအရေးဆိုခဲ့ပြီး မြန်မာဘက်က တိုက်ခိုက်မှုကိစ္စရပ်ကို သေချာစုံစမ်းစစ်ဆေး၍လုပ်ဆောင်သူကို အစွမ်းကုန်ကြိုးပမ်းဖမ်းဆီးကာ တရားဥပဒေနှင့်အညီပြင်းထန်စွာပြစ်ဒဏ်ပေးရန် တိုက်တွန်းထားပြီးဖြစ်ကြောင်း ၄င်းကထပ်လောင်းပြောဆိုခဲ့သည်။
မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးထံ လက်ပစ်ဗုံးပစ်ခတ်မှုဖြစ်ပွားခဲ့နှင့်ပတ်သက်ပြီး အတည်ပြုပေးနိုင်ပါသလား၊ မည်ကဲ့သို့တုန့်ပြန်ပြောကြား လိုပါသလဲဆိုသည့်Bloombergသတင်းဌာန၏မေးမြန်းခဲ့မှုအပေါ်၄င်းကအထက်ပါအတိုင်းဖြေကြားသွားခဲ့ခြင်းဖြစ်သည်။ Source/The GlobalTimes/Chinese Embassy